POST TYPE

BUSINESS

လျာထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ပြည့်မီရန်ခက်ဟု အစိုးရပြော
27-Jun-2018



ရန်ကုန်၊ ဇွန် ၂၆

ဘဏ္ဍာနှစ်ကြားကာလ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သုံးဘီလီယံဝင်ရောက်ရန် လျာထားသော်လည်း လက်ရှိဝင်ရောက်နေသည့် ရင်းနှီးမြှုပ်နှံမှုစာရင်းများအရ လျာထားချက်ပြည့်မီရန် ခက်ခဲကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်သာ ရှိသေးသည့်အတွက် ယင်းနှုန်းအတိုင်းဆက်သွားပါက လျာထားချက်ပြည့်မီရန် ခက်ခဲသည့် အနေအထားတွင်ရှိကြောင်း ၎င်းက ဆိုသည်။

“ဒီကြားထဲမှာ အစိုးရပိုင်းဆိုင်ရာ ပရောဂျက်အကြီးကြီးတွေ ရှိပါတယ်။ ဒီပရောဂျက်ကြီးတွေသာ ကျန်တဲ့သုံးလအတွင်း ဝင်ခဲ့မယ်ဆိုရင် လျာထားချက်ထက်တောင် ကျော်နိုင်ပါတယ်။ LNG နဲ့ မီးပေးမယ့် လုပ်ငန်းတွေသာဝင်လာရင် ဘီလီယံနဲ့ချီပြီး ဝင်လာမှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏက များလာနိုင်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

သုံးလတာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၅ ခု ဝင်ရောက်ခဲ့ပြီး ပြည်တွင်းအလုပ်သမား တစ်သောင်းကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

ပြည်တွင်းတွင် ဥရောပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများမှာ ထင်သလောက် မဝင်ရောက်လာသည့်အတွက် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏမှာ အိမ်နီးချင်းနိုင်ငံများထက် နည်းပါးနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

“စက်မှုဇုန်တွေအလိုက်ပဲ ယှဉ်ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ စက်မှုဇုန်တစ်ခုကိုပဲ ဒေါ်လာ ၁၀ ဘီလီယံအထက် နှစ်စဉ်ရင်းနှီးမြှုပ်နှံမှုဝင်တယ်။ မြန်မာမှာက သန်း ၁၀၀၊ ၂၀၀ အဲဒီလောက်ပဲဝင်တယ်။ ဘီလီယံ ၁၀ နဲ့ချီပြီး ဝင်တာမရှိဘူး”ဟု အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်မြတ်က ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်သည့်ကဏ္ဍမှာ စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်ပြီး အနည်းဆုံးဝင်ရောက်သည့် ကဏ္ဍမှာမွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှသိရသည်။

J-13

  • VIA