POST TYPE
BUSINESS
တောင်သူလယ်သမားရေးရာ ဦးစီးဌာနထားရန် ဆန်စပါးအသင်းချုပ်အကြံပြု
26-Jun-2018
ရန်ကုန်၊ ဇွန် ၂၅
တောင်သူများကို ရပ်တည်ကာကွယ်ဆောင်ရွက်ပေးနိုင်ရန်အတွက် တောင်သူလယ်သမားရေးရာဦးစီးဌာန ထားရှိရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဥပဒေပြုရေးရာ ကော်မတီများထံ အကြံပြုတင်ပြထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
လက်ရှိတွင် တောင်သူလယ်သမားများနှင့် သက်ဆိုင်သည့် သီးသန့်ဦးစီးဌာနမရှိဘဲ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့သာရှိကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
“တောင်သူလယ်သမားအခွင့်အရေး ဥပဒေကို ပြင်ဆင်တဲ့အထဲမှာ တောင်သူလယ်သမားရေးရာ ဦးစီးဌာနကို ထပ်ဖွဲ့ဖို့ အကြံပေးထားတယ်။ အလုပ်သမားနဲ့ပတ်သက်ရင် ဝန်ကြီးဌာနရှိတယ်။ တောင်သူလယ်သမားနဲ့ပတ်သက်ရင် ဘာဌာနမှမရှိဘူး။ စိုက်ပျိုးရေးဌာနက နည်းပညာပဲပေးတာ။ တောင်သူတွေရဲ့အကျိုးကို မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးမယ့် ဦးစီးဌာနရှိသင့်တယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်တွင် စိုက်ပျိုးရေးဦးစီးဌာနရှိသော်လည်း စိုက်ပျိုးရေး ဆိုင်ရာနည်းပညာများနှင့် သွင်းအားစုကိစ္စများကိုသာ ဆောင်ရွက်ခြင်းဖြစ်သောကြောင့် တောင်သူလယ်သမား အရေးကိစ္စများကို ရပ်တည်ဆောင်ရွက်ပေးမည့် တောင်သူလယ်သမားရေးရာဦးစီးဌာန သီးသန့်ထားရှိရန် လက်ရှိပြင်ဆင်နေသည့် တောင်သူလယ်သမား အခွင့်အရေးဥပဒေထဲတွင် ထည့်သွင်းပေးရန် အကြံပြုထားခြင်းဖြစ်သည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို ဥပဒေဖြင့်ရပ်တည်သည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးဥပဒေ မူကြမ်းကို စတင်ရေးဆွဲနေပြီး ဆန်ကုန်သည်များနှင့် တောင်သူများထံမှ အကြံဉာဏ်များနှင့် ဖြည့်စွက်အကြံပြုလိုသည်များ တောင်းခံထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
J-11
- SOURCES
- The Voice
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
15-Feb-2019