News

POST TYPE

BUSINESS

ဆန်လက်ကျန်နည်း၍ ဈေးဆက်တိုက်တက်
26-Jun-2018 tagged as ဈေးကွက် ဆန်

ရန်ကုန်၊ ဇွန် ၂၅

ရန်ကုန်ဆန် လက်ကားဈေးကွက်အတွင်း ဆန်လက်ကျန်နည်းပါးနေခြင်းကြောင့် ဈေးနှုန်းဆက်တိုက်မြင့်တက်နေကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

ဇွန်လဒုတိယပတ်အတွင်းက ဆန်ချောတစ်အိတ်လျှင် ကျပ် ၅၀၀ မှ ၃၀၀၀ အထိ ဈေးတက်လာရာမှ ယခုအခါထပ်မံ၍ တစ်အိတ်လျှင် ၁၅၀၀ မှ ၃၀၀၀ အထိ ဆက်လက်ဈေးတက်ကြောင်း၊ ဆန်ကြမ်းတစ်အိတ်လျှင်လည်း ယခင်က ကျပ် ၅၀၀ မှ ၁၃၀၀ အထိ မြင့်တက်နေရာမှ ယခုအခါ ကျပ် ၅၀၀ မှ ၆၀၀ အထိ ဆက်လက်မြင့်တက်လာကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

“ရန်ကုန်ကို ဆန်အဝင်နည်းတယ်။ အရောင်းအဝယ်ကတော့ မကောင်းပါဘူး။ အခုက ပြည်တွင်းဈေးတက်နေပေမယ့် ပြည်ပဈေးက မတက်ပါဘူး”ဟု ဆန်ကုန်သည်ဦးအောင်မြင့်က ပြောဆိုသည်။

ရန်ကုန်ရှိ အဓိက ဆန်ဈေးကွက်များဖြစ်သည့် ဘုရင့်နောင်နှင့် ဝါးတန်း ဆန်ကုန်စည်ဒိုင်များသို့ နယ်ဒေသများမှ ယခင်က တစ်ရက်လျှင် ဆန်အိတ်ရေ ခြောက်သောင်းမှ ရှစ်သောင်းခန့်ဝင်ရောက်သော်လည်း ယခုအခါ တစ်ရက်လျှင် ခြောက်သောင်းခန့်သာ ဝင်ရောက်ကြောင်း အဆိုပါကုန်စည်ဒိုင်များထံမှ သိရသည်။

လက်ရှိဆန်ဈေးကွက်အတွင်း ပေါ်ဆန်းသစ် (ရှယ်) တစ်အိတ်လျှင် ကျပ် ၄၀,၅၀၀ မှ ၄၁,ဝ၀၀ အထိ၊ ကြားပျံရှယ် တစ်အိတ်လျှင် ၄၂,ဝ၀၀ မှ ၄၅,ဝ၀၀ အထိ၊ မြီးဒုံးတစ်အိတ်လျှင် ကျပ် ၃၂,ဝ၀၀ မှ ၃၄,ဝ၀၀ အထိ၊ ဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၂၀,၅၀၀ မှ ၂၀,၇၀၀ အထိ၊ ရက် ၉၀ တစ်အိတ်လျှင် ကျပ် ၂၃,၅၀၀ မှ ၂၄,ဝ၀၀ အထိနှင့် သီးထပ်ရှယ်တစ်အိတ်လျှင် ကျပ် ၂၂,၅၀၀ မှ ၂၃,၃၀၀ အထိ ဈေးရှိကြောင်း ရန်ကုန်ဆန်ဈေးကွက်အတွင်းမှ သိရသည်။

S-04