News

POST TYPE

BUSINESS

မူဆယ်ကုန်သည်များ၏ ဘဏ်စာရင်း အပိတ်ခံရ၍ နယ်စပ်မှဆန်ဝယ်ယူမှု တရုတ်ရပ်
21-Jun-2018 tagged as တရုတ် မူဆယ်

ရန်ကုန်၊ ဇွန် ၂၀

မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို တရုတ်နိုင်ငံဘက်က ပိတ်သိမ်းထားခြင်းကြောင့် ငွေလွှဲငွေသွင်းမှုများ မပြုလုပ်နိုင်သည့်အတွက် နယ်စပ်ဒေသမှ ဆန်ဝယ်ယူမှုကို ရပ်တန့်ထားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ 

တရားမဝင်လောင်းကစားနှင့် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်ရာမှ ရရှိသည့်ငွေများကို လွှဲပြောင်းခြင်းများ ပြုလုပ်နေသည်ဟု သံသယရှိသည့် ဘဏ်အကောင့်များကို စစ်ဆေးမှုများပြုလုပ်ရန်အတွက် ဇွန်လ ၁၂ ရက်နေ့မှစ၍ နယ်စပ်ဒေသရှိ မြန်မာကုန်သည်များ၏ ဘဏ်အကောင့် ၂၀၀ နီးပါးကို ပိတ်သိမ်းထားခြင်းဖြစ်သည်။ 

“ဟိုဘက်ကို ဆန်မပို့တာ မဟုတ်ဘူး။ ငွေလွှဲလုပ်လို့မရတော့ ပိုက်ဆံပေးလို့ မရဘူး။ ပိုက်ဆံပေးလို့မရတော့ ဆန်ဝယ်လို့မရတာပါ” ဟု ဆန်ကုန်သည် ဦးနေလင်းဇင်က ရှင်းလင်းပြောကြားသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ နယ်စပ်ဒေသမှတစ်ဆင့် ဆန်တင်ပို့၍မရသော်လည်း ပြည်တွင်းစားသုံးမှုနှင့် ရေကြောင်းမှတစ်ဆင့် နိုင်ငံခြားသင်္ဘောများကို ဆန်တင်ပို့နေရသည့်ဈေးကွက်ရှိခြင်းကြောင့် ပြည်တွင်းဆန်ဈေးကွက်ကို ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ 

“ဆန်က သူ့ဟာနဲ့သူတော့ အရောင်းအဝယ်လုပ်နေကြပါတယ်။ ဒါပေမဲ့ ဒီလို ပိတ်လိုက်တဲ့အတွက် နည်းနည်းတော့ အရောင်းအဝယ်ပါးသွားတာပေါ့” ဟု ဆန်ကုန်သည် ဦးအောင်မြင့်ကဆိုသည်။ 

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု ၇၀ ရာခိုင်နှုန်းခန့်ကို နယ်စပ်ဒေသမှ အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းခန့်ကို ရေကြောင်းခရီးဖြင့် တင်ပို့နေခြင်းဖြစ်သည်။ 

“သစ်သီးတင်ပို့တဲ့အပိုင်းက ကုန်သည်တွေရဲ့ ဘဏ်အကောင့်တွေကိုတော့ မပိတ်ပါဘူး။ အသီးတွေကတော့ နေ့တိုင်းတင်ပို့နေပါတယ်။ ဆန်တို့၊ ပြောင်းတို့ဘက်ကိုပဲ ပိတ်တာပါ” ဟု မူဆယ် ၁၀၅ မိုင်မှ သစ်သီးဝလံ ကုန်သည်တစ်ဦးဖြစ်သူ ဒေါ်ကြည်ကြည်ခိုင်က ပြောဆိုသည်။ 

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တင်ပို့မှုအနေနှင့် ဆန်နှင့် ဆန်ကွဲမက်ထရစ်တန်ချိန်ပေါင်း ၃ ဒသမ ၆ သန်းခန့် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

J-11