News

POST TYPE

BUSINESS

မြန်မာ - တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု စာချွန်လွှာရေးထိုးမည့် အစီအစဉ် ရွှေ့ဆိုင်း
20-Jun-2018

ရန်ကုန်၊ ဇွန် ၂၀

နယ်စပ်ဒေသမှတစ်ဆင့် ကုန်ပစ္စည်းများ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းခြင်းတို့ ပြုလုပ်ရန်အတွက် မြန်မာ- တရုတ် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးရေးကို တရုတ်နိုင်ငံ ဗဟိုအစိုးရအဆင့်အထိ တင်ပြရမည်ဖြစ်သောကြောင့် တစ်လခန့် ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ၊ ကူမင်းပြည်သူ့အစိုးရတို့အကြား ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နှစ်နိုင်ငံ အစိုးရချင်း (G to G) နားလည်မှုစာချွန်လွှာ သဘောတူ လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ဇွန်လ ၁၂ ရက်နေ့က MoU ရေးထိုးရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“ယူနန်အစိုးရနဲ့တွေ့ပြီး G to G MoU ထိုးဖို့လုပ်တဲ့အခါမှာ ဗဟိုအစိုးရကို မတင်ရသေးဘူးဆိုတဲ့ခေါင်းစဉ်နဲ့ ခဏရပ်ထားတယ်။ မထိုးဖြစ်ခဲ့ပါဘူး။ ဗဟိုအစိုးရကိုတင်ဖို့ သူတို့ဘက်က အစီအစဉ်ဆွဲနေတယ်။ ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်နေပြီ။ နိုင်ငံတော် သမ္မတကိုလည်း တင်ပြီးသွားပြီ။ အစိုးရချင်းထိုးပြီးရင် Business to Business ထပ်ထိုးရဦးမှာပါ”ဟု တရုတ်နိုင်ငံသို့ MoU ရေးထိုးရန် သွားရောက်ခဲ့သည့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ရှင်းလင်းပြောကြားသည်။

နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခြင်းကို သုံးပတ်ခန့်အကြာတွင် ပြန်လည် ရေးထိုးမည်ဖြစ်ပြီး MoU လက်မှတ်ရေးထိုးပြီးပါက တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်တစ်သန်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တင်ပို့ရန် အကြမ်းဖျင်းသဘောတူထားကြောင်း ၎င်းကပြောဆိုသည်။ 

“MoU ထပ်ထိုးဖို့ကို ဗဟိုအစိုးရကိုတင်ပြပြီးရင် သူတို့ဘက်ကနေ တရားဝင် အကြောင်းပြန်မှာပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။ 

အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ ဆန်၊ သကြား၊ ပြောင်း၊ လယ်ယာထွက်ကုန်၊ သစ်သီးဝလံနှင့် ရေ ထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံမှ လယ်ယာစိုက်ပျိုးရေးသုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း၊ သံနှင့် သတ္ထုပစ္စည်းများကို ပြန်လည် တင်သွင်းရမည်ဖြစ်သည်။

J-11