News

POST TYPE

BUSINESS

တရုတ်သို့ ဆန်ဘေးထွက်ပစ္စည်းများ တရားမဝင်တင်ပို့မှု အစိုးရထံ တင်ပြမည်
13-Jun-2018

ရန်ကုန်၊ ဇွန် ၁၃

တရုတ်နိုင်ငံသို့ ဆန်လုံးတီးအပြင် ဆန်ဘေးထွက်ပစ္စည်းဖြစ်သည့် ဖွဲနုများ တရားမဝင်တင်ပို့မှုကို စစ်ဆေးထိန်းချုပ်ပေးရန်အတွက် နိုင်ငံတော်သမ္မတထံ လိပ်မူ၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဇွန်လကုန်ပိုင်းတွင် တင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။ 

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် လုံးတီးဆန်နှင့် ဖွဲနုများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများနှင့် သားငါးမွေးမြူသည့် လုပ်ငန်းများအနေနှင့် အစာကုန်ကြမ်းရှားပါးခြင်း၊ အစာဈေးနှုန်းကြီးမြင့်ခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။ 

“အခုနောက်ပိုင်းရရှိတဲ့ သတင်းတွေအရ စပါးကိုအခွံလေးပဲချွတ်ပြီး တရုတ်ကို လုံးတီးဆန်တွေပို့တယ်။ ပြီးတော့ ဆန်ရဲ့အောက်မှာ ဖွဲနုကိုအိတ်နဲ့ထုပ်ပြီး ပို့တယ်။ ဒီလိုတင်ပို့တာတွေက သားငါးမွေးမြူ ထုတ်လုပ်သူတွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။ အစိုးရကလည်း တရားဝင် ပို့ခွင့်ပြုမထားတဲ့အတွက် တင်ပြမှာပါ”ဟု ဦးဝင်းကြိုင်က ပြောဆိုသည်။ 

ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြနိုင်ရန်အတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ငါး၊ ပုစွန် အစာထုတ်လုပ်ရောင်းဝယ်သူများအသင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်များကို မွေးမြူရေးအစာကုန်ကြမ်း တင်ပို့နေမှုနှင့်ပတ်သက်၍ အခြေအနေများကို လေ့လာခိုင်းထားပြီး ဇွန်လ ၂၁ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်တင်ပြရန် ပြောဆိုထားကြောင်း ၎င်းကပြောဆိုသည်။ 

“ဖွဲနုက အခုဝယ်ဖို့ တော်တော်လေး ရှားနေပါပြီ။ ကျွန်တော်တို့ အစာကုန်ကြမ်းဆိုတာ စိုက်လို့ရတာ မဟုတ်ပါဘူး။ စက်ရုံကထွက်မှ ကုန်ကြမ်းဖြစ်တာ။ စပါးကြိတ်မှ ဖွဲနုထွက်တာ။ ဖွဲနုက ၃၅၀ ဝန်းကျင်ကနေ အခု ၃၈၅ ကျပ်ဖြစ်နေပါပြီ။ လာမယ့်လမှာလည်း ထပ်တက်မယ့်အလားအလာရှိပါတယ်” ဟု မြန်မာနိုင်ငံ ငါး၊ ပုစွန် အစာထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ပြောကြားသည်။ 

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကလည်း တရုတ်နိုင်ငံသို့ တရားမဝင် စပါးတိုက်ရိုက် တင်ပို့နေမှုနှင့်ပတ်သက်၍ စစ်ဆေးထိန်း ချုပ်ပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ တင်ပြဖူးသည်။

J-11