News

POST TYPE

BUSINESS

Call Deposit အတိုးနှုန်းများ လျှော့ချရန် ပြည်တွင်းဘဏ်များ ညှိနှိုင်း
27-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၂၇

အပ်ငွေအပေါ် နေ့စဉ် အတိုးပေးရသော Call Deposit အပ်ငွေအတိုးနှုန်းကို လျှော့ချရန် ပြည်တွင်းဘဏ်များ ညှိနှိုင်း လုပ်ဆောင်လျက်ရှိကြောင်း ဘဏ်လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိ၌ ကမ္ဘာ့ရတနာဘဏ်၏ Call Deposit အတိုးနှုန်းမှာ ကျပ်သိန်း ၁၀၀ အောက်ဆိုပါက ၄ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀ အထက်ဆိုပါက ၈ ရာခိုင် နှုန်းဖြစ်ကြောင်း၊ အောက်တိုဘာလမှစ၍ ကျပ်သိန်း ၁၀၀ အောက်ဆိုလျှင် ၄ ရာခိုင် နှုန်းနှင့် ကျပ်သိန်း ၁၀၀ အထက် ဆိုပါက ၆ ရာခိုင်နှုန်းသို့ အတိုးနှုန်းလျှော့ချမည် ဖြစ်ကြောင်း ကမ္ဘာ့ရတနာဘဏ်မှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာလှညွန့်က ပြောကြားသည်။

"အတိုးနှုန်းလျှော့တာက ဘဏ်တိုင်းတော့ မဟုတ်တော့ဘူးပေါ့။ လုပ်နိုင်တဲ့သူကတော့ မလျှော့ဘဲ လုပ်ချင်လုပ်မှာပေါ့။ နေ့တိုင်း အတိုးပေးရတာဆိုတော့ ကြာလာတော့ ဘဏ်အနေနဲ့ မခံနိုင်ဘူးလေ" ဟု ၎င်းကရှင်းပြသည်။

Call Deposit တစ်မျိုးကိုသာ အတိုးနှုန်းလျှော့ချမည်ဖြစ်ပြီး အခြား ဘဏ်အပ်ငွေများကို လက်ရှိ အတိုးနှုန်းများအတိုင်းသာ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် ကမ္ဘောဇဘဏ်က Call Deposit အတိုးနှုန်း လျှော့ချမည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေဆဲဖြစ်ပြီး မဆုံးဖြတ်ရသေးကြောင်း အဆိုပါဘဏ်၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

"ဘဏ်များအသင်းက ဘဏ်တွေအချင်းချင်း ဆွေးနွေးခိုင်းထားတာပေါ့။ အားလုံးသဘောတူရင် လုပ်ဆိုတာပေါ့။ တချို့ဘဏ်တွေက လျှော့မယ် ကြားပါတယ်။ ကျွန်တော်တို့ကတော့ မဆုံးဖြတ်ရသေးဘူး" ဟု ၎င်းကဆိုသည်။

ယင်း Call Deposit အတိုးနှုန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဥပဒေများဖြင့် သတ်မှတ်ထားပြီး ဖြစ်ကာ ပုဂ္ဂလိက ဘဏ်များအချင်းချင်း ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် အတိုးနှုန်းများ အဆမတန် တက်လာခြင်း ဖြစ်ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

"ဒါက အရင်ကတော့ ဗဟိုဘဏ်က သတ်မှတ်ထားပေးပြီးသား။ အဲဒါကို ဘဏ်အချင်းချင်း အပြိုင်လုပ်ကြပြီး အခုမှ မခံနိုင်တော့လို့ ပြန်လျှော့ချင်ကြတာ။ တချို့ကလည်း သူတို့ စားသုံးသူတွေ ထွက်ကုန်မှာ ကြောက်လို့ အတိုးနှုန်းကို မပြောင်းချင်ကြဘူး" ဟု ၎င်းကဆိုသည်။

လတ်တလောတွင် Call Deposit အပ်ငွေ အတိုးနှုန်းကို မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်က ကျပ်သိန်း ၁၀၀ အထက် အပ်နှံပါက ၈ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀ အောက်ဆိုပါက အတိုး ၄ ရာခိုင်နှုန်းပေးကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
သို့ရာတွင် ငွေစုဘဏ်စာရင်း (Saving Account) အတိုးနှုန်းမှာ အနိမ့်ဆုံး ၈ ရာခိုင်နှုန်းနှင့် ချေးငွေအတိုးနှုန်း (Lending Rate) ကို အမြင့်ဆုံး ၁၃ ရာခိုင်နှုန်း ထားရှိရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည်။


  • VIA