News

POST TYPE

BUSINESS

ဗီယက်နမ်တွင် တရုတ်စီးပွားရေးဇုန် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အကြမ်းဖက်လာသောကြောင့် လူ ၁၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်း
13-Jun-2018



ဟနွိုင်း၊ ဇွန် ၁၂

ဗီယက်နမ်နိုင်ငံတွင် တရုတ်အထူး စီးပွားရေးဇုန် စီမံကိန်းများကို ဆန့်ကျင်သောဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ အကြမ်းဖက် မှုသို့ ကူးပြောင်းသွားမှုကြောင့် လူပေါင်း ၁၀၀ ခန့်ကို ရဲများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အရှေ့တောင်ပိုင်း ဘင်သွန်ခရိုင်ရှိ ပြည်သူ့ကော်မတီဌာနချုပ်ကို ဓာတ်ဆီမီးလောင်ဗုံးများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်မှုကြောင့် အကြမ်းဖက်ဆန္ဒပြသူ ၁၀၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ရဲများက ပြောကြားသည်။

အဆိုပြုထားသော ဥပဒေအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် အထူးစီးပွားရေးဇုန်တွင် ၉၉ နှစ်ကြာ မြေငှားရမ်းခွင့်ရရှိမည်ဖြစ်သည်။

ယင်းဥပဒေကို လွှတ်တော်တွင် ယခုအပတ် မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားသော်လည်း လောလောဆယ် ဆိုင်းငံ့ထားသည်။ မဲခွဲမှု ဆိုင်းငံ့ထားမည့်ဆုံးဖြတ်ချက်သည် ဆန္ဒပြမှုများအပေါ် အာဏာရကွန်မြူနစ် ပါတီက အပြုသဘောတုံ့ပြန်သည့် လိုက်လျောမှုတစ်ခုဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌ မစ္စငုယင်သီကင်ငံက ပြည်သူတို့၏ သဘောထားကို အမြဲတမ်းနားစွင့်ရမည်ဟု ပြောကြားခဲ့သည်။

တရုတ်မုန်းတီးရေး စိတ်ဓာတ်များရောယှက်နေသော ဆန္ဒပြပွဲများကြောင့် တရုတ်နိုင်ငံသားများ သတိထားကြရန် ဟနွိုင်းရှိတရုတ်သံရုံးက သတိပေးချက်ထုတ်ပြန်ထားသည်။ 

ဆန္ဒပြသူများသည် ဟနွိုင်းနှင့် ဟိုချီမင်းမြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝန်း၌ သီတင်းပတ်ကုန်ရက်အတွင်း စုဝေးကာ ဆန္ဒပြခဲ့ကြပြီးအချို့က “တရုတ်တွေကို တစ်ရက်တောင် မြေမငှားကြနဲ့” အစရှိသော တရုတ်ဆန့်ကျင်ရေး နဖူးစီးဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။

မြို့ကြီးများတွင် ဆန္ဒပြသူများသည် တစ်ခဏအတွင်း ဖြိုခွဲခံခဲ့ရသော်လည်း ဘင်သွန်ခရိုင်တွင်မူ ဆန္ဒပြသူများက ခရိုင် အုပ်ချုပ်ရေးရုံးကို ကျောက်ခဲများဖြင့် ပစ်ပေါက်ကာ ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့ကြပြီး မော်တော်ယာဉ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင် အမြောက်အမြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သည်။

တနင်္လာနေ့တွင် ရဲတပ်ဖွဲ့ကအတား အဆီးများချကာ လမ်းများကို ပိတ်ဆိုခဲ့ပြီး ဆန္ဒပြလူအုပ်ထဲသို့ မျက်ရည်ယိုဓာတ်ငွေ့ဗုံးများ ပစ်သွင်း၍ လူစုခွဲခဲ့ရာ ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သည်။ 

ဆန္ဒပြသူများ၏ တိုက်ခိုက်ခြင်းခံရသော မီးသတ်ဌာနတွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများက ဒိုင်းကာများနှင့် လက်နက်များကို ပစ်ချကာဆုတ်ခွာပေးခဲ့သည်ဟု သိရှိရသည်။

F-04