News

POST TYPE

BUSINESS

ကိုရီးယားက ရွှေလင်ဗန်းတွင် ကုန်စည်ထောက်ပံ့ရေးစခန်းဆောက်မည်
ရန်ကုန်၊ ဇွန် ၁၁

တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီ HUBS MK က လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တွင် ကုန်စည်ထောက်ပံ့ရေးစခန်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၈ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါကုန်စည်ထောက်ပံ့ရေး ဗဟိုစခန်းတည်ဆောက်ရန် စီးပွား/ကူးသန်း ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြား သဘောတူညီချက်မှတ်တမ်းကို ယခုနှစ် နှစ်စပိုင်းက ရေးထိုးခဲ့ကြောင်း ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ဌာနဘက်က မြေပေးပြီးလုပ်တာပေါ့။ တည်ဆောက်ဖို့ အသေးစိတ်ကို ကုမ္ပဏီနဲ့ စာချုပ်ထပ်ချုပ်ရဦးမှာ။ နောက်လထဲမှာလည်း စာချုပ်ချုပ်ဖြစ်နိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ကုန်စည်ထောက်ပံ့ရေးစခန်းသည် ရွှေလင်ဗန်းစက်မှုဇုန်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် မြေဧက ၅၉ ဒသမ ၁၀၇ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ဆိပ်ကမ်းများတွင် ကုန်ပစ္စည်းများ စုပုံနေသည့်ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကာ အထည်ချုပ်လုပ်ငန်းများအတွက် လိုအပ်သည့်ပစ္စည်းများကို ကြိုတင်မှာယူ သိုလှောင်ထားနိုင်မည်ဖြစ်သည်။

နိုင်ငံတကာတွင် ကုန်စည်ထောက်ပံ့ရေး ဗဟိုစခန်းများမှာ ကုန်သေတ္တာအလုံးရေ သိန်းဂဏန်းနီးပါး သိုလှောင်နိုင်ကာ အချိန်မရွေး ပြန်ထုတ်လျှင် လွယ်ကူသောကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် အဆင်ပြေကြောင်း၊ လက်ရှိတွင် ပစ္စည်းသိုလှောင်နိုင်သည့် ရုံများရှိသော်လည်း ကုန်ပစ္စည်းအနည်းငယ်သာ ထည့်၍ရခြင်း၊ သိုလှောင်ရုံပိုင်ရှင်များမှာ နိုင်ငံခြားသားများဖြစ်သောကြောင့် မြေငှားရမ်းမှု အဆင်မပြေသည့်အခါ လုပ်ငန်းပြောင်းရွှေ့ရခြင်းများကြောင့် လုပ်ငန်းရှင်များမှာ အခက်အခဲကြုံရကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်မြတ်က ပြောကြားသည်။

“ပွင့်လင်းရာသီရောက်လာလို့ သင်္ဘောတွေများလာရင် ဆိပ်ကမ်းမှာ ပစ္စည်းတွေစုပုံတဲ့ပြဿနာတွေ ဖြစ်လာတယ်။ အဲ့ဒါက Logistics Hub အကြီးစားတွေ မရှိလို့ဖြစ်တာ။ အခုအစိုးရက ပေါင်းလုပ်တယ်ဆိုတာ ဒီပြဿနာတွေကို ဖြေရှင်းချင်တာပါ”ဟု ၎င်းက ဆိုသည်။

J-13