News

POST TYPE

BUSINESS

တရုတ်ကား မြန်မာနိုင်ငံတွင်း ဈေးကွက်နေရာရနိုင်ဟု လုပ်ငန်းရှင်များ ခန့်မှန်း
11-Jun-2018

ရန်ကုန်၊ ဇွန် ၁၀

တရုတ်နိုင်ငံမှ လူစီးမော်တော်ယာဉ်များကို မူဆယ် ၁၀၅ မိုင်နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့်ပြုလိုက်သည့်အတွက် ပြည်တွင်း၌ တရုတ်ကားဈေးကွက် ကြီးထွားလာနိုင်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်အချို့က ခန့်မှန်းပြောကြားသည်။

ဈေးသက်သာပြီး မြန်မာလူထုကြိုက်နှစ်သက်သည့် ဂျပန်နိုင်ငံထုတ်ကားများ တင်သွင်းခွင့် ရပ်တန့်လိုက်ခြင်း၊ တရုတ်ကားများသည် ဈေးတန်ခြင်းတို့အပြင် အခြားအကြောင်းအရင်းအချို့ကြောင့် တရုတ်ကားများ ဈေးကွက်ကြီးထွားလာနိုင်ခြင်းဖြစ်ကြောင်း၊ လတ်တလော မြန်မာ့ကားဈေးကွက်အတွင်း တရုတ်ကားဈေးကွက်ဝေစုမှာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်ရှိကြောင်း ၎င်းတို့က ရှင်းပြပြောဆိုသည်။

“တရုတ်နိုင်ငံထုတ် ဖုန်းတွေတောင် တဖြည်းဖြည်း နေရာရလာတာကိုပဲ ကြည့်လိုက်ပါ။ ကားလည်း တဖြည်းဖြည်း ဈေးကွက်ရလာမှာပါပဲ။ ဈေးကွက်ဝေစု တိုးတက်လာမှာပေါ့”ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (ရန်ကုန်) အတွင်းရေးမှူး ဦးရန်မျိုးအောင်က ပြောဆိုသည်။

ထိုသို့လူစီးကားများ တင်သွင်းခွင့်ပြုလိုက်ခြင်းကို လုပ်ငန်းရှင်များက ကြိုဆိုပြီး စိတ်ဝင်စားကြကာ မည်သည့်ကားများ တင်သွင်းမည်ဆိုသည်ကို လေ့လာနေကြကြောင်း၊ သို့သော် တရုတ်နိုင်ငံမှ ကားတင်သွင်းခြင်းကို နယ်စပ်ဂိတ်မှ တင်သွင်းခြင်းထက် သင်္ဘောဖြင့်တင်သွင်းခြင်းက စရိတ်ပိုမိုသက်သာကြောင်း၊ ယခုနောက်ပိုင်း တရုတ်နိုင်ငံ၏ နည်းပညာတိုးတက်လာသည့်အတွက် တရုတ်နိုင်ငံထုတ်ကားများကို မြန်မာလူထုက ကြိုက်နှစ်သက်လာကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအနေအထားအရ Brand New SUV ကားအမျိုးအစားတင်သွင်း စီးနင်းမည်ဆိုပါက ဥရောပနှင့် အမေရိကထုတ် ကားတစ်စီးလျှင် ကျပ်သိန်း ၅၀၀ မှ ၆၀၀ ခန့်ရှိသော်လည်း တရုတ်ကားဆိုပါက ကျပ်သိန်း ၂၅၀ ခန့်ဖြင့် စီးနင်းနိုင်မည်ဖြစ်ကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

လုပ်ငန်းသုံးကားများကို ယခင်ကတည်းက မူဆယ်နယ်စပ်နှင့် မြဝတီနယ်စပ်တို့မှ တင်သွင်းခွင့်ပြုထားပြီး ယခုအခါ လူစီးယာဉ်များကို တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် မူဆယ် ၁၀၅ မိုင်စခန်းမှ တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး Brand New ကား တင်သွင်းမည့်သူများအနေနှင့် တရုတ်နိုင်ငံထုတ်ဖြစ်ကြောင်း အထောက်အထား (Country of Origin-CO) နှင့် မော်တော်ယာဉ် တင်ပို့ခွင့်ပြုမည့် တရုတ်နိုင်ငံအကောက်ခွန်ဌာန၏ Export Certificate အထောက်အထားတို့ကို တင်ပြရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။

“လုပ်ငန်းသုံးယာဉ်ကိုတော့ တင်သွင်းခွင့်ပြုထားတယ်။ လူစီးကားတွေ တင်သွင်းဖို့အတွက် Country of Origin နဲ့ အထောက်အထားတွေ ထပ်တောင်းဖို့ရှိတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

Brand New မော်တော်ယာဉ်များ တင်သွင်းမည်ဆိုပါက ၂၀၁၈ မူဝါဒအရ ၂၀၁၇ နှင့် ၂၀၁၈ မော်ဒယ်လ်များကို တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

S-04

  • VIA