News

POST TYPE

BUSINESS

တရုတ်နှင့် စင်ကာပူ ပြည်တွင်း၌ အများဆုံးရင်းနှီးမြှုပ်နှံ
ရန်ကုန်၊ ဇွန် ၇

မေလအတွင်း တရုတ်နှင့် စင်ကာပူနိုင်ငံတို့က ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ပြီး ပမာဏမှာ အမေ ရိကန်ဒေါ်လာ သန်း ၃၀ နီးပါးရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများမှာ CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်း၊ ဖိနပ်ချုပ်လုပ်ခြင်း လုပ်ငန်းများဖြစ်ပြီး စင်ကာပူနိုင်ငံကမူ မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ယင်းဌာနထံမှ သိရသည်။

“ဒီအစိုးရကလည်း စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့အတွက် အဓိကဖိတ်ခေါ်ထားတာဆိုတာ့ အထည်ချုပ်တို့မှာက ရင်းနှီးမြှုပ်နှံမှုတွေ များပါတယ်။ မနှစ်ကဆို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းထက်ဝက်ကျော်က စက်မှုလုပ်ငန်းကို ဝင်တာပါ” ဟု ယင်းဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ဘဏ္ဍာနှစ် ကြားကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သုံးဘီလီယံနီးပါး ဝင်ရောက်မည်ဟု လျာထားပြီး စက်မှုကဏ္ဍ၊ အိမ်၊ ခြံ၊ မြေကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

တရုတ်၊ ဟောင်ကောင်နှင့် ဗီယက်နမ်တို့က ပြည်တွင်းတွင် အထည်ချုပ်စက်ရုံများ လာရောက်တည်ထောင်လာသောကြောင့် အဝတ်အထည်များကို မှာယူသည့်ဈေးကွက်မှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး အထည်ချုပ်ပို့ကုန်ပမာဏမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ပိုမိုရရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်မြတ်က ပြောကြားသည်။

“တရုတ်လုပ်ငန်းရှင်တွေက အထည်ချုပ်ကိုလုပ်တယ်။ သူတို့က ဈေးကွက်ကိုလည်း တစ်ခါတည်းရှာလာတဲ့အတွက် အဆင်ပြေတယ်။ တချို့ဆို တခြားနိုင်ငံတွေမှာလည်း စက်ရုံတွေရှိတယ်။ အထည်ကို အကြီးအကျယ်ပို့တဲ့အတွက် ပြည်တွင်းဈေးကွက်အတွက် တော်တော်လေးကောင်းပါတယ်” ဟု ၎င်းကဆိုသည်။

J-13