News

POST TYPE

BUSINESS

အခေါက်ရွှေ တစ်ကျပ်သား ကျပ် ရှစ်သိန်း ကိုးသောင်းကျော်အထိ ဈေးတက်
26-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၂၆
ဆက်တိုက် မြင့်တက်နေသော ပြည်တွင်းရွှေဈေးမှာ ယခု သီတင်းပတ် ဈေးကွက်အဖွင့်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ရှစ်သိန်းကိုးသောင်းကျော်အထိ ရောက်ရှိသွားကြောင်း ရွှေ ဈေးကွက်အတွင်းမှ သိရသည်။

အမေရိကန် ဒေါ်လာဈေး ဆက်လက် မြင့်တက်ပါက အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းအထိ ဆက်တက်နိုင်ကြောင်း ရွှေလုပ်ငန်းရှင် အများစုက သုံးသပ် ပြောကြားသည်။

“ရွှေဈေးက အခုအချိန် ပြောရခက်တယ်။ ပြင်ပ ဒေါ်လာဈေးက အရမ်း တက်နေတဲ့အတွက် ဒေါ်လာဈေးဆက် တက်နေမယ်ဆို ရွှေဈေးက ကိုးသိန်းလောက်အထိ မြင့်တက် သွားနိုင်ပါတယ်။ ဒေါ်လာဈေး ကျရင်တော့ ရွှေဈေး နည်းနည်း ပြန်ကျနိုင်ပါတယ်”ဟု ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုသည်။

ရွှေဈေး ဆက်တိုက် မြင့်တက်ခြင်းကြောင့် အခေါက်ရွှေ လက်ကားဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်သော်လည်း ရွှေ (အထည်) ဆိုင်များတွင်မူ အရောင်းအဝယ် သိသိသာသာ ပါးကြောင်း တိတ်စိန် ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောကြားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ (သောကြာနေ့) က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၈၇၅,ဝဝဝ ကျပ်မှ စက်တင်ဘာလ ၂၆ ရက်နေ့ (တနင်္လာနေ့) တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၈၉၁,၅ဝဝ ကျပ်အထိ မြင့်တက်ခြင်းဖြစ်ကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကား ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။


  • VIA