News

POST TYPE

BUSINESS

မြန်မာအစိုးရက ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက် အမေရိကန်ကုမ္ပဏီနှင့်ပူးပေါင်း၍ တိုးချဲ့၊ အစိုးရက ကန်ဒေါ်လာ ၁၅၅ သန်းကျော် ရင်းနှီးမြှုပ်နှံ
06-Jun-2018

ရန်ကုန်၊ ဇွန် ၅ 

ပြည်တွင်းဆက်သွယ်ရေး ကွန်ရက်များ ပိုမိုကောင်းမွန်လာစေရေးအတွက် ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်သစ် Myanmarsat-2 ကို အစိုးရက အမေရိကန်ဒေါ်လာ သန်း ၁၅၅ ကျော်ရင်းနှီးမြှုပ်နှံလိုက်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှသိရသည်။ 

အဆိုပါ ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနိုင်ရန်အတွက် နိုင်ငံတကာ ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာကုမ္ပဏီ INTELSAT နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့အကြား အပြီးသတ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဂြိုဟ်တုဆက်သွယ်ရေးကွန်ရက် Myanmarsat-2 ကို လာမည့် ၂၀၁၉ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံက စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး စာချုပ်သက်တမ်းအရ ၁၅ နှစ်ကြာ ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အခု ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်က အရင်ရှိပြီးသား Myanmarsat-1 ထက်စာရင် ပိုကောင်းလာမှာ။ အခုနောက် ဆုံးပေါ်နည်းပညာတွေ မြန်မာနိုင်ငံက တိုက်ရိုက်ရရှိနိုင်မှာဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

ယင်းကွန်ရက် စတင်အသုံးပြုလာနိုင်ပါက ဆက်သွယ်ရေးကွန်ရက်များ တည်ဆောက်နိုင်ရန်ခက်ခဲသော အစွန်အဖျား ကျေးလက်ဒေသများကို ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ပိုမိုဆောလျင်စွာ သိရှိနိုင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် အဆိုပါကွန်ရက်မှ အခြားချန်နယ်များကိုလည်း နိုင်ငံ၏ ကျန်းမာရေးနှင့်ပညာရေး ကဏ္ဍများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှသိရသည်။

“ဂြိုဟ်တုကတော့ မိုဘိုင်းလ်အင်တာနက် ဝန်ဆောင်မှုတွေအတွက်တော့ စရိတ်နည်းနည်းကြီးတယ်။ ဖိုက်ဘာကတော့ ဈေးပိုသက်သာတော့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေအတွက် ဖိုက်ဘာကိုပဲ အသုံးများတယ်။ တခြားဖိုက်ဘာ မရောက်နိုင်တဲ့ ဒေသတွေကျတော့ ဂြိုဟ်တုက အသုံးဝင်သွားပြန်တယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဗဟိုကော်မတီအဖွဲ့ဝင် ဦးရဲမြတ်သူက သုံးသပ်ပြောကြားသည်။

INTELSAT ကုမ္ပဏီ ရုံးချုပ်မှာ လူဇင်ဘတ်နိုင်ငံ၊ လူဇင်ဘတ်စီးတီးမြို့၌ တည်ရှိပြီး ကမ္ဘာလုံးချီ ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည်။

J-01

  • VIA