News

POST TYPE

BUSINESS

တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် တရုတ်က အိမ်နီးချင်းများကို ခြိမ်းခြောက်နေသည်ဟု ဂျိမ်းမက်တစ်ပြောကြား
03-Jun-2018
ဝါရှင်တန် ဇွန် ၂

အငြင်းပွားနေသော တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံကဒုံးကျည်များ ဖြန့်ကြက်နေပြီး အိမ်နီးချင်းနိုင်ငံများကို ဖိအားပေးနေသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်က ပြောကြားလိုက်ကြောင်း BBC သတင်းက ဖော်ပြသည်။

စင်ကာပူလုံခြုံရေးညီလာခံတွင် အမှာစကားပြောသော ဗိုလ်ချုပ်ကြီးမက်တစ်က ဘေဂျင်း၏လုပ်ရပ်သည် ၎င်း၏ကျယ်ပြန့်သော ရည်မှန်းချက်များကို မေးခွန်းထုတ်စရာဖြစ်စေသည်ဟု ပြောကြားသည်။

ယခုလကျင်းပမည့် သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေးနွေးပွဲတွင် တောင်ကိုရီးယားရှိအမေရိကန်တပ်များ၏ကိစ္စ ပါဝင်ခြင်းမရှိဟုမက်တစ်က ပြောကြားသည်။

အမေရိကန်သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားအပြည့်အဝ ဖြုတ်သိမ်းရေးကို လိုလားသည်ဟု ၎င်းကဆိုသည်။ လုံခြုံရေးညီလာခံတက်ရောက်နေသော တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဆွန်ယောင်မူက တောင်ကိုးရီးယားရှိ အမေရိကန်တပ်များကိစ္စသည် မြောက်ကိုရီးယား၏ နျူကလီးယားကိစ္စနှင့်မဆိုင် သီးခြားဖြစ်သည်ဟု ပြောကြားသည်။ လက်ရှိတောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ တပ်စွဲထားသည်။

တောင်တရုတ်ပင်လယ်တွင် ဘေဂျင်းက သင်္ဘောဖျက်ဒုံးကျည်များ၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ အီလက်ထရောနစ် ရေဒါလှိုင်းဖြတ်စက်များအပါအဝင် စစ်လက်နက်များကို ဖြန့်ကြက်ထားသည်ဟု ဂျိမ်းမက်တစ်က ထောက်ပြသည်။

“တရုတ်က ငြင်းဆိုနေပေမယ့် ဖိအားပေး၊ ခြိမ်းခြောက်မယ့် ရည်ရွယ်ချက်အတွက် အသုံးပြုဖို့ဆိုတာ တိုက်ရိုက်ထင်ဟပ်နေပါတယ်” ဟု ဂျိမ်းမက်တစ်က ပြောကြားသည်။

ထရမ့်အစိုးရသည် တရုတ်နှင့် အပြုသဘောဆက်ဆံရေးကောင်းလိုသော်လည်း လိုအပ်ပါက အင်တိုက်အားတိုက် ယှဉ်ပြိုင်သွားမည်ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံတွင် ဒေသတွင်းအရေး၌ ပါဝင်နိုင်သည့် ကဏ္ဍရှိခြင်းကိုအမေရိကန်က အသိအမှတ်ပြုသည်ဟုလည်း ဂျိမ်းမက်တစ်က ပြောကြားသည်။

ကမ္ဘာ့ကုန်သွယ်ရေး အဓိကရေလမ်းကြောင်းတစ်ခုဖြစ်သော တောင်တရုတ်ပင်လယ် အနီးတစ်ဝိုက် ခြောက်နိုင်ငံမှ ပိုင်နက်တောင်းဆိုမှုချင်း ထပ်နေသည်။

F-04