News

POST TYPE

BUSINESS

ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်း ထိရောက်စွာအရေးယူရန် တင်ပြမည်
02-May-2018


ရန်ကုန်၊ မေ ၁

ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးသည့်လုပ်ငန်းများ ပပျောက်စေရေးအတွက် မြစ်၊ ချောင်း၊ အင်းအိုင်များအတွင်း ဘက်ထရီရှော့ခ်တိုက် ဖမ်းဆီးခြင်းများကို ထိထိရောက်ရောက် အရေးယူနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

ဘက်ထရီရှော့ခ်တိုက်ပစ္စည်းများ လာရောက်အပ်နှံပါက လက်ပစ်ကွန်များ အစားထိုးပေးအပ်လျက်ရှိပြီး ၂၀၁၈ ခုနှစ် ဧပြီလမှ ဩဂုတ်လအထိကို ပညာပေးကာလအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။ 

“ဘက်ထရီရှော့ခ်တိုက်လုပ်ငန်းတွေကို တွေ့တဲ့နေရာမှာစည်းရုံးပြီး အရေးယူတာတွေ လုပ်နေပါတယ်။ အရေးယူတဲ့ သူတွေအနေနဲ့ အသက်အန္တရာယ်ရှိတဲ့အတွက် လုံခြုံရေးကိုလည်း ဂရုစိုက်ရပါတယ်။ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့လည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြသွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။ 

လက်ရှိတွင်လည်း ဘက်ထရီရှော့ခ်တိုက် ဖမ်းဆီးခြင်းများကို တွေ့ရှိပါက ငါးလုပ်ငန်းဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း ငါးလုပ်ငန်းဦးစီးဌာနသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၇ ခုမှ ရေလုပ်သား ၁၀၀ ကျော်သည် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းကိရိယာများ လာရောက်အပ်နှံခဲ့ပြီး ဘက်ထရီရှော့ခ်တိုက်ပစ္စည်းများအစား လက်ပစ်ကွန်များ ပြန်လည်အစားထိုးပေးအပ်ခဲ့ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

“ဘက်ထရီရှော့ခ်တိုက်လုပ်ငန်းတွေကို စစ်ဆေးတဲ့သူတွေအတွက်လည်း အသက်အန္တရာယ်ရှိသလို သုံးစွဲတဲ့သူတွေအတွက်လည်း အသက်အန္တရာယ်နီးပါတယ်။ အခု ဘက်ထရီရှော့ခ်တိုက်ပစ္စည်းတွေ လာအပ်ရင်လည်း လက်ခံပါတယ်။ အခုလည်း ပညာပေးတာတွေ လုပ်နေတဲ့အတွက် လုံးဝမပပျောက်တာတောင်မှ တော်တော်တော့ နည်းသွားမယ်ထင်ပါတတ်”ဟု ဦးထွန်းဝင်းမြင့်က ဆက်လက်ပြောဆိုသည်။ 

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဘက်ထရီရှော့ခ်တိုက် ပစ္စည်းများ လာရောက်အပ်နှံပါက လက်ပစ်ကွန်များ အစားထိုးပေးအပ်လျက်ရှိသည့်အပြင် နောက်ပိုင်းတွင် အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း အစားထိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းနှင့် အဆိပ်ချငါးဖမ်းခြင်းတို့ကြောင့် အင်းအိုင် မြစ်ချောင်းများအတွင်း ငါး၊ ပုစွန် သယံဇာတများ မျိုးသုဉ်းမည်စိုးသောကြောင့် လက်ပစ်ကွန် အစားထိုးပေးသည့် အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

J-11


  • VIA