News

POST TYPE

BUSINESS

စောင့်ကြည့်ကိရိယာ မတပ်ဆင်သည့် ကမ်းဝေးငါးဖမ်းရေယာဉ်များကို အရေးယူမည်
25-Apr-2018


ရန်ကုန်၊ ဧပြီ ၂၄

မြန်မာ့ပင်လယ်ပြင်ရှိ ကမ်းဝေး ငါးဖမ်းလှေများတွင် ငါးဖမ်းလှေစောင့်ကြည့် ကိရိယာစနစ် (Vessel Monitoring System- VMS) မတပ်ဆင်ပါက ငါးလုပ်ငန်းဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။ 

“ဒါတပ်ဖို့ ပြောနေတာလည်းကြာပြီ။ VMS တပ်ရင် ယူရိုငွေ ၁၂၀၀ လောက်ကျမယ်။ အဲဒါကို ပြင်သစ်ကုမ္ပဏီတစ်ခုက ထုတ်ချေးပေးမယ်။ သုံးနှစ်ပြန်ဆပ်ရမယ်ဆိုတာတောင် ဈေးကြီးတယ်လုပ်နေတယ်။ စောင့်ကြည့်ခကတော့ လစဉ်ယူရို ၈၀ ပေးရမယ်။ ဒါကို လုပ်ငန်းရှင်တွေက တပ်ရမှာ။ မတပ်ရင် အရေးယူဖို့ပဲရှိတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကမ်းဝေးငါးဖမ်းလှေများအနေနှင့် VMS တပ်ဆင်ပါက တပ်ဆင်ခယူရိုငွေ ၁၂၀၀ အပြင် တပ်ဆင်ပြီးသည့် ငါးဖမ်းလှေများကို စောင့်ကြည့်ခတစ်လလျှင် ယူရိုငွေ ၈၀ ကို ပြင်သစ်ကုမ္ပဏီထံ လစဉ်ပေးဆောင်ရမည်ဖြစ်သည်။ 

VMS စနစ်တပ်ဆင်ပါက ငါးဖမ်းစက်လှေများ၏ သွားရာလမ်းကြောင်း၊ ငါးဖမ်းဆီးသည့်ဧရိယာ၊ ငါးဖမ်းဆီးနှုန်း စသည်တို့ကို ငါးလုပ်ငန်းဦးစီးဌာနက သိရှိနိုင်မည်ဖြစ်ပြီး စသည်တို့ကိုအခြေခံ၍ ပင်လယ်ငါးဖမ်းလှေများ၏ ငါးဖမ်းဆီးနှုန်းများခြင်းတို့ကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များအနေနှင့် VMS စနစ်များတပ်ဆင်ပြီးပါက စောင့်ကြည့်မည့်ဝန်ထမ်းများကို သင်တန်းပေးခြင်းနှင့် ကမ်းရိုးတန်းဒေသ ငါးခုတွင် စောင့်ကြည့်မည့်နေရာများအဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပြီး နေပြည်တော်နှင့် ရန်ကုန်တိုင်းကို စောင့်ကြည့်ဌာနချုပ်များအဖြစ် သတ်မှတ်ရန်စီစဉ်ထားကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

“ပြင်သစ်ကုမ္ပဏီက စက်က ယူရို ၁၂၀၀ ဆိုရင် ကျပ်သိန်းနှစ်ဆယ်။ ကြည့်ခက တစ်လကိုယူရို ၈၀ ဆိုတော့ ဒေါ်လာတစ်ရာ၊ တစ်လကို တစ်သိန်းကျော် တစ်နှစ်ကို ကျပ် ၁၀ သိန်းကျော်လောက် ရှိတယ်။ ကျွန်တော်တို့ မကြည့်နိုင်ဘူး။ ဒါကြောင့် တခြားကုမ္ပဏီတွေနဲ့ ထပ်ချိတ်နေတယ်”ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်နိုင်က ပြောကြားသည်။

ကမ်းဝေးငါးဖမ်းလှေများအနေနှင့် ငါးလုပ်ငန်းဦးစီးဌာနက ချိတ်ဆက်ပေးသည့် ပြင်သစ်ကုမ္ပဏီမှာ စက်တန်ဖိုးနှင့် စောင့်ကြည့်ခများ ပြားသည့်အတွက် အခြားကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး အခြားကုမ္ပဏီနှင့် စက်တပ်ဆင်မည့် အခြေအနေတို့ကို ငါးလုပ်ငန်းဦးစီးဌာနထံ ပြန်လည် အကြောင်းကြားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

VMS စနစ်တပ်ဆင်ပါက ပြည်ပတင်ပို့ရာတွင် အထောက်အကူပြုသည့် ငါးဖမ်းဆီးသည့် ဧရိယာတို့ကို ငါးလုပ်ငန်းဦးစီးဌာနက ထောက်ခံချက်ပေးနိုင်မည်ဖြစ်ပြီး ပြည်ပတင်ပို့ရာတွင် မည်သည့်ဈေးကွက်မဆို အခက်အခဲမရှိ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် VMS စနစ် မတပ်ဆင်၍ ငါးဖမ်းဆီးသည့်ဧရိယာ ထောက်ခံချက်မရှိသောကြောင့် အမေရိကန်ပြည်ထောင်စုသို့ သဘာဝမှဖမ်းဆီးရမိသည့် ပုစွန်များ မတင်ပို့နိုင်သေးကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် ကမ်းဝေးငါးဖမ်း ရေယာဉ်အစီးရေ သုံးထောင်ကျော်ရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။ 

J-11


  • VIA