News

POST TYPE

BUSINESS

သီလဝါ၌ အကြီးဆုံးတိရစ္ဆာန်အစာနှင့် ဆေးဝါးစက်ရုံ ဖွင့်မည်
21-Feb-2018
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ 

သီလဝါအထူးစီးပွားရေးဇုန်အေ၌ နယ်သာလန်နည်းပညာအသုံးပြုကာ တိရစ္ဆာန်အစာနှင့်ဆေးဝါးများ ဖြန့်ဖြူးထုတ်လုပ်မည့် Trown Nutrition Myanmar ဆေးဝါးစက်ရုံသစ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း နယ်သာလန်အခြေစိုက် Trown Nutrition ကုမ္ပဏီထံမှ သိရသည်။ 

အဆိုပါစက်ရုံတွင် တိရစ္ဆာန်အစာဆေးဝါးများနှင့်ပတ်သက်၍ အရည်အသွေးစစ်ဆေးပေးမည့် ဓာတ်ခွဲခန်းများ ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ရင်းနှီးမြှုပ်နှံသည့် တိရစ္ဆာန်အစာနှင့် ဆေးဝါးအကြီးဆုံးစက်ရုံဖြစ်ကြောင်း Trown Nutrition Myanmar ကုမ္ပဏီမှ အကြီးတန်းအရာရှိ ဒေါက်တာ ကဂျွန်ကပ်နားဗျားက ပြောကြားသည်။ 

“အစာနဲ့ ကုန်ကြမ်းအရည်အသွေးကို စစ်ပေးမယ့် ဓာတ်ခွဲခန်းတွေ ပါပါတယ်။ အရင်က မြန်မာနိုင်ငံမှာ အစာနဲ့ဆေးဝါးစက်ရုံရှိပေမယ့် ဓာတ်ခွဲခန်းတွေရောပါတဲ့ ဒီလိုရင်းနှီးမြှုပ်နှံမှု မရှိခဲ့ဘူး။ ကျွန်တော်တို့စက်ရုံက ငါးစာမှာ နံပါတ်တစ်ပါပဲ။ ကျွန်တော်တို့ စက်ရုံထောင်တာ မြန်မာနိုင်ငံက ငါးနိုင်ငံမြောက်ပါ။ ဒီစက်ရုံကနေ တစ်ရက်ကို အစာနဲ့ဆေးဝါး တန် ၄၀ လောက် ထုတ်မှာပါ”ဟု ၎င်းက ပြောဆိုသည်။ 

တိရစ္ဆာန်အစာနှင့် ဆေးဝါးစက်ရုံကို ယူရိုငွေ တစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး ကြက်၊ ဝက်၊ နွား၊ ငါး၊ ပုစွန် စသည့်အစာများကို မွေးမြူသည့်တောင်သူများထံ တိုက်ရိုက်ထုတ်လုပ် ဖြန့်ဖြူးသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် အာရှတိုက်ရှိ အိမ်နီးချင်းနိုင်ငံများကို ဆေးဝါးများ ဖြန့်ချိရောင်းချရန် စီစဉ်ထားကြောင်း Trown Nutrition ကုမ္ပဏီထံမှ သိရသည်။ 

မြန်မာနိုင်ငံတွင် တိရစ္ဆာန်အာဟာရဆိုင်ရာ နည်းပညာဖွံ့ဖြိုးမှု အားနည်းနေသည့်အတွက် ကောင်းမွန်သည့် တိရစ္ဆာန်အာဟာရများ အသုံးပြုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး Trown Nutrition စက်ရုံဓာတ်ခွဲခန်းတွင် ရေအရည်အသွေး စစ်ဆေးခြင်း၊ ကုန်ကြမ်းအာဟာရတန်ဖိုး တိုင်းတာခြင်းနှင့် တိရစ္ဆာန်အစာတွင် ပါဝင်သည့် အာဟာရတန်ဖိုး တိုင်းတာခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ 

Trown Nutrition ကုမ္ပဏီသည် နယ်သာလန်နိုင်ငံတွင် အခြေစိုက်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ခြင်းသည် ငါးနိုင်ငံမြောက်ဖြစ်ကာ တရုတ်နှင့် မလေးရှားနိုင်ငံတို့တွင်လည်း စက်ရုံများ ဖွင့်လှစ်ထားကြောင်း၊ Trown Nutrition ကုမ္ပဏီထုတ် ငါးစာသည် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အသိအမှတ်ပြု ထောက်ခံချက်လက်မှတ် ရရှိထားကြောင်း Trown Nutrition Myanmar ထံမှ သိရသည်။

J-11



  • VIA