News

POST TYPE

BUSINESS

ဝက်သားပေါက် မွေးမြူထုတ်လုပ်ရေး ကိုရီးယားကုမ္ပဏီ လုပ်ကိုင်ခွင့်ရ
01-Feb-2018



ရန်ကုန်၊ ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံတွင် ဝက်သားပေါက် မွေးမြူထုတ်လုပ်သည့်လုပ်ငန်းကို ကိုရီးယားနိုင်ငံမှ Katec in Myanmar Co., Ltd. က လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းများ စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနထံမှ သိရသည်။ 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဝက်သားပေါက် မွေးမြူထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်ရန် ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်နှင့်ကုမ္ပဏီများကို အဆိုပြုလွှာများ ခေါ်ယူခဲ့ရာ Katec in Myanmar Co., Ltd . က တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အသားကဏ္ဍဆိုင်ရာ ထွက်ကုန်များ ဖူလုံစေရန်နှင့် ဝက်မျိုးကောင်းမျိုးသန့်များဖြင့် ရေရှည်မွေးမြူသည့် လုပ်ငန်းအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။ 

“ပြည်တွင်းမှာ ဝက်မျိုးက လုံလောက်မှုမရှိတာ။ မျိုးထုတ်လုပ်တဲ့ အင်အားကလည်း နည်းတယ်။ ပြည်ပကနေ မျိုးတွေ သွင်းနေရတာ ဈေးတအားကြီးတယ်။ ရွာတွေမှာဆို ဝက်သားမပါရင် အလှူမဖြစ်ဘူး။ ဒါကြောင့် ဝက်ကို များများမွေးမယ်။ ဖြစ်နိုင်ရင် ပြည်ပကို တင်ပို့မယ်။ ပြည်သူတွေ ဝက်သားကို ဈေးအသင့်အတင့်နဲ့ လုံလောက်စွာ စားနိုင်ရမယ်”ဟု ၎င်းက ပြောဆိုသည်။ 

ပြည်တွင်းတွင် ဝက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုဂ္ဂလိက ဝက်မွေးမြူသည့် လုပ်ငန်းများကို အစိုးရအနေနှင့် အားပေးကူညီသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း ပြည်တွင်းကုမ္ပဏီ ၂ ခု ခန့် ဝက်သားပေါက် မွေးမြူဖြန့်ဖြူးသည့်လုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း၊ ပြည်တွင်းမှ ဝက်မွေးမြူရေး လုပ်ငန်းများအနေနှင့် ထိုင်း၊ ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ဝက်သားပေါက်များကို အဓိကတင် သွင်းမွေးမြူနေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် အဆိုပြုလွှာ အောင်မြင်ခဲ့သည့် Katec in Myanmar Co., Ltd. တို့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘိုရွာရှိ ဝက်သားပေါက် မွေးမြူထုတ်လုပ်မည့် အဆောက်အအုံငှားရမ်းသည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို နေပြည်တော်၌ ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယင်းအဆောက်အအုံကို ငါးနှစ်သက်တမ်းအထိ ငှားရမ်းခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

အဆိုပါကုမ္ပဏီသည် ဗီယက်နမ်နှင့် ကိုရီးယားနိုင်ငံမှ မျိုးဝက်များနှင့် ပြည်တွင်းမျိုးကို သားစပ်မွေးမြူမည်ဖြစ်ပြီး တစ်နှစ်လျှင် ဝက်သားပေါက်အကောင်ရေ ငါးထောင်ခန့်အထိ ဖြန့်ဖြူးထုတ်လုပ်ရန် ရည်မှန်းထားကြောင်း၊ Katec in Myanmar Co., Ltd. သည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ဖွဲ့စည်းထားသည့် ကိုရီးယားနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ 

J-11

  • VIA