News

POST TYPE

BUSINESS

ရန်ကုန်လိုင်စင်ပြန်ပေးရန် ကားအသင်းနှင့် အစိုးရညှိနှိုင်း
ရန်ကုန်၊ ဇန်နဝါရီ ၃၁

မော်တော်ယာဉ်လုပ်ငန်းရှင်များ စောင့်မျှော်နေသော ရန်ကုန်လိုင်စင် ပြန်လည်ထုတ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ထိုလိုင်စင်ကို ဧပြီလ ၁ ရက်နေ့တွင် ပြန်ပေးနိုင်ရန် လုပ်ဆောင်နေပြီး COE (Certificate of Entitlement) စနစ်ဖြင့်ပေးအပ်ရန် လုပ်ဆောင်နေကြောင်း ယင်း အသင်းထံမှ သိရသည်။

COE စနစ်ကို စင်ကာပူနိုင်ငံတွင် လက်ရှိကျင့်သုံးနေပြီး ယင်းစနစ်မှာ တိုင်းအစိုးရထံတွင် ရန်ကုန်လိုင်စင်ဖြင့် မော်တော်ယာဉ်ဝယ်ယူခွင့် ပါမစ်ကို လေလံဆွဲ၍ ယင်းပါမစ်ဖြင့် မော်တော်ယာဉ်အရောင်း စင်တာများတွင် ပြန်လည်ဝယ်ယူရခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဘယ်လိုပေးရမလဲ ဆိုတာကို ဆွေးနွေးနေကြတာပါ။ ပြန်ပေးမှာကတော့ ကျိန်းသေပါတယ်။ ဝန်ကြီးချုပ်ကလည်း ဧပြီ ၁ ရက်အမီ လုပ်ခိုင်း ထားတယ်”ဟု အဆိုပါ လိုင်စင်ပြန်လည်ပေးအပ်နိုင်ရေး အစည်းအဝေးပွဲများကို တက်ရောက်နေသည့် မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးရန်မျိုးအောင်က ပြောဆိုသည်။

ထိုလိုင်စင်ကို COE (Certificate of Entitlement) စနစ်ဖြင့် ပေးအပ်ရန် စီစဉ်နေရာတွင် ယင်းစနစ်ဖြင့် ဈေးနှုန်းတစ်ခု သတ်မှတ်၍ ထုတ်ပေးခြင်း (သို့မဟုတ်) ဆိပ်ကမ်းအရောက် မော်တော်ယာဉ်ဈေးနှုန်း (CIF) ကို လေလံစနစ်ဖြင့် ထုတ်ပေးခြင်း အစရှိသည့် နည်းလမ်းများတွင် မည်သည့်နည်းလမ်းဖြင့် ထုတ်ပေးရန်ဆိုသည်တို့ကို ဆွေးနွေးနေကြောင်း ယင်းအသင်းထံမှ သိရသည်။

ထို့ပြင် ရန်ကုန်လိုင်စင်ထုတ်ပေးခြင်းကို တစ်လမည်မျှဖြင့် အစီးရေပမာဏ သတ်မှတ်ခြင်းနှင့် နယ်ကားများကို ရန်ကုန်လိုင်စင် ဝင်ရောက်ခြင်းတို့ကို အစီးရေသတ်မှတ်ရန်တို့ကို ဆွေးနွေးနေကြောင်း အဆိုပါ မော်တော်ယာဉ်အသင်းထံမှ သိရသည်။

ရန်ကုန်လိုင်စင် ထုတ်ပေးရန်နှင့်ပတ်သက်၍ အစည်းအဝေးသုံးကြိမ်ခန့် ပြုလုပ်ပြီးဖြစ်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း အစည်းအဝေးပြုလုပ်ခဲ့သည်။

ရန်ကုန်လိုင်စင် (သို့မဟုတ်) ပါကင် ပါမစ်ပြသနိုင်မှသာ မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင် ထုတ်ပေးခြင်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့က ရပ်ဆိုင်းခဲ့ကာ ရန်ကုန်လိုင်စင်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ကို ယနေ့အထိ ပြန်လည်ပေးအပ်ခြင်း မရှိသေးပေ။

S-04