News

POST TYPE

BUSINESS

ဆန်စပါးအစိုဓာတ်တိုင်းစနစ် ပေါ်ထွန်းရေး ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် MoU ရေးထိုး
31-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆန်စပါးတွင်ပါဝင်သည့် အစိုဓာတ်များကို တိုင်းတာစစ်ဆေးရာ၌ ပိုမိုတိကျကောင်းမွန်သည့်စနစ်တစ်ခု ပေါ်ထွန်းလာစေရေးအတွက် ဂျပန်နိုင်ငံမှ Kett Electric Laboratory (Kett) ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ် (MoU) ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

လက်ရှိပြည်တွင်းတွင် စပါးအစိုဓာတ်များကို တိုင်းတာရာ၌ တရုတ်နိုင်ငံထုတ် စပါးအစိုဓာတ်တိုင်းကိရိယာကိုသာ အများဆုံးအသုံးပြုလျက်ရှိပြီး အဆိုပါကိရိယာမှာ အရည်အသွေးမပြည့်မီသောကြောင့် ဆန်စပါးတွင်ပါဝင်သည့် အစိုဓာတ်ပမာဏကို တိတိကျကျ၊ မှန်မှန်ကန်ကန် မသိရှိရဘဲ တောင်သူများဈေးနှိမ်ခံရခြင်းများနှင့် ရင်ဆိုင်နေရကြောင်း ဆန်စပါးကုန်သည်များက ပြောကြားသည်။ 

ယင်းလက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစိုဓာတ်တိုင်းတာသည့်စနစ် ပေါ်ထွန်းစေရေးအပြင် မှန်ကန်သည့် အစိုဓာတ်တိုင်းကိရိယာများ သုံးစွဲရေးအတွက် ဆွေးနွေးပွဲများပြုလုပ်ပေးခြင်းနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် Kett Electric Laboratory ကုမ္ပဏီမှ အထွေထွေမန်နေဂျာ Norihiro YOSHIDA ဦးဆောင်သည့်အဖွဲ့နှင့် သဘောတူညီခဲ့ကြကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဂျပန်နိုင်ငံမှ Kett Electric Laboratory (Kett) ကုမ္ပဏီတို့သည် လာမည့် ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်အတွင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ပံ့ပိုးမှုဖြင့်လည်း မြန်မာနိုင်ငံတွင် သုံးစွဲသည့် အစိုဓာတ်တိုင်းကိရိယာများကို ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ ပေါင်းတည်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် စစ်တမ်းများ ကောက်ယူလျက်ရှိကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

J-11