News

POST TYPE

BUSINESS

ငါးရှဥ့်ကို စစ်ဆေးပြီးမှသာ ပြည်ပတင်ပို့ခွင့်ပြုမည်
29-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ပြည်ပသို့ ငါးရှဥ့်တင်ပို့မှုကို ယခင်က စစ်ဆေးခြင်းမရှိဘဲ လွတ်လပ်စွာ တင်ပို့ခွင့်ပြုခဲ့သော်လည်း ယခု ဇန်နဝါရီ လကုန်ပိုင်းမှစ၍ အကောင်အရွယ်အစားများကို သေချာစွာစစ်ဆေးပြီးမှသာ ပြည်ပ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

ယခင်က ငါးရှဥ့်များကို စစ်ဆေးခြင်းမပြုဘဲ ပြည်ပတင်ပို့ခွင့်ပြုခဲ့သောကြောင့် လက်ရှိတွင် သဘာဝမှ ဖမ်းဆီးရမိသည့် အကောင်သေးများကိုသာ တင်ပို့လျက်ရှိသည့်အတွက် ပြည်ပတင်ပို့သည့် တန်ချိန်များမှာလည်း လျော့ကျလာခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။ 

“ငါးရှဥ့်ကို အရွယ်သေးတဲ့ဟာ မှန်သမျှ ရောင်းရင်တော့ ယိုးဒယားကလည်း ယူ၊ တရုတ်ကလည်း ယူမှာပဲ။ အခုက ခဲဆံလုံးလောက် မကဘူး။ ဆံပင်ခြည်လုံးလောက်လည်း ပို့နေကြတာ။ ပြီးရင် ဒီထုတ်ကုန်တွေက သူတို့နိုင်ငံမှာ တန်ဖိုးမြှင့်ထုတ်ပြီး ဒီနိုင်ငံကိုပြန်ဝင်မှာ။ ကုန်ကြမ်းပဲပို့မလား၊ တန်ဖိုးမြှင့်ထုတ်မလားဆိုတာ စဉ်းစားရမှာ။ ဒါကြောင့် စစ်မှာပါ”ဟု ၎င်းက ပြောဆိုသည်။ 

ပြည်ပသို့ ရေထွက်ကုန်များတင်ပို့ရာတွင် ကုန်ကြမ်းထက် ကုန်ချောပစ္စည်းများကိုသာ ထုတ်လုပ်တင်ပို့သင့်ကြောင်း၊ လက်ရှိတွင် သဘာဝမှဖမ်းဆီးရမိသည့် အကောင်အရွယ်အစား သေးငယ်သည့် ငါးရှဥ့်များကိုသာ တင်ပို့လျက်ရှိပြီး ငါးရှဥ့်များ မျိုးသုဉ်းနိုင်သောကြောင့် သေချာစွာ စစ်ဆေးကြပ်မတ်၍ အကောင်သေးငယ်သည့် ငါးရှဥ့်များကို ပြည်ပတင်ပို့ခွင့်မပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

၂၀၁၄-၁၅ ဘဏ္ဍာနှစ်က ပြည်ပသို့ ငါးရှဥ့်တင်ပို့မှုမှာ တစ်နှစ်လျှင် တန်ချိန် ၁၂၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က တစ်နှစ်လျှင် တန်ချိန် ၇၀၀၀ ခန့်သာ တင်ပို့နိုင်ကြောင်း၊ ထိုသို့လျော့နည်းလာခြင်းမှာ ငါးရှဥ့်မွေးမြူရာတွင် နည်းလမ်းမမှန်သောကြောင့် အရှုံးနှင့်ရင်ဆိုင်နေရကာ သဘာဝမှ ဖမ်းဆီးရမိသည့် အကောင်များကိုသာ တင်ပို့နေရခြင်းဖြစ်ကြောင်း ငါးရှဥ့်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။ 

“ငါးရှဥ့်က လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက လုံးဝကို မတားခဲ့တဲ့အတွက် ဖမ်းပြီးရောင်းမယ်ဆိုတာပဲ လုပ်ခဲ့ကြတာ။ အထီး၊ အမတောင် မခွဲတတ်ကြဘူး။ တန်ဖိုးမြှင့်ထုတ်မယ်ဆိုရင် ပြည်ပကနေ ကုန်ကြမ်းသွင်းရင်လည်း အခွန်ဆောင်ရတယ်။ ကုန်ချောပြန်ထွက်တဲ့အခါမှာလည်း ဆောင်ရတယ်။ အခွန်က နှစ်ဆပေးနေရတာဖြစ်တဲ့အတွက် ကုန်ချောထွက်မှ အခွန်ကောက်စေချင်တယ်”ဟု ၎င်းက ပြောဆိုသည်။ 

J-11

  • VIA