News

POST TYPE

BUSINESS

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့် ဝင်ရောက်ရန် အဆိုပြုထားဟုဆို
08-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၈                   

ယခုဘဏ္ဍာနှစ် ပထမခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့် ဝင်ရောက်ရန် လုပ်ငန်း အဆိုပြုလွှာများ လက်ခံရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အသစ် ဖွဲ့စည်းပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ချထားပေးမှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက နည်းပါးသော်လည်း  ယခုနှစ်အတွင်း ဝင်ရောက်ရန် မျှော်မှန်းထားသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ခြောက်ဘီလီယံ မှာ ပြည့်မီနိုင်ကြောင်း၊ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၁၇၈ သန်းကျော် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရာတွင် အလုပ်အကိုင် ရရှိနိုင်မှုကိုသာ အဓိက ထားသောကြောင့် စက်မှုလုပ်ငန်းများသာ လုပ်ကိုင်ခွင့် ပိုပေးကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏများသည့် စွမ်းအင်ကဏ္ဍမှာ ဝန်ကြီးဌာန၏ မူဝါဒ အပြောင်းအလဲကြောင့် ခွင့်ပြုပေးရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း၊ ယခင်နှစ်များက ရင်းနှီးမြှုပ်နှံမှု အဝင်များသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ယခုနှစ်တွင် ရင်းနှီး မြှုပ်နှံရန် လာရောက် လျှောက်ထားခြင်း မရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယခင်ဘဏ္ဍာနှစ်က နိုင်ငံခြား ရင်းနှီးမှုပမာဏ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံကျော် ဝင်ရောက်ခဲ့ပြီး ပြည်တွင်းသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် စက်မှုလုပ်ငန်းများ၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် အများဆုံးဖြစ်ကာ လယ်ယာစိုက်ပျိုးရေး နှင့် မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍတို့တွင် ရာခိုင်နှုန်း အနည်းငယ်သာ ဝင်ရောက်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။


  • VIA