News

POST TYPE

BUSINESS

ဖက်စပ်ကုမ္ပဏီများကထုတ်သည့် ကုန်ချော ၂၂ မျိုး ပြည်ပတင်ပို့ခွင့်ပြု
ရန်ကုန်၊ ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားတို့ ပေါင်းစည်းတည်ထောင်ထားသည့် ဖက်စပ်ကုမ္ပဏီများက ထုတ်လုပ်သည့် ကုန်ချော ၂၂ မျိုးကို ပြည်ပသို့ တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခင်က နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများက ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို ပြည်ပတင်ပို့ခွင့် မပြုခဲ့ဘဲ ယခုမှ တင်ပို့ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ပြည်တွင်းထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ပြီး ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ပြည်ပဈေးကွက် ပိုမိုရရှိရန် ရည်ရွယ်၍ ဇန်နဝါရီလ ၂၃ ရက် နေ့မှစ၍ အသား၊ ငါး၊ ကောက်ပဲသီးနှံ၊ ရေသန့်နှင့် ရေခဲအမျိုးမျိုးအပါအဝင် ကုန်ချောပစ္စည်း ၂၂ မျိုးကို တင်ပို့ခွင့်ပြုခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကုန်ပစ္စည်းများကို တင်ပို့ခွင့်ပြုရာတွင် စီးပွား/ကူးသန်းဝန်ကြီးဌာနက ကုန်ပစ္စည်းအလိုက် အကန့်အသတ်အချို့ ပြုလုပ်ထားပြီး ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းကို တစ်ဆင့်ပြန်လည်ဝယ်ယူပြီး အဆင့်မြှင့်ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများ၊ ပြည်တွင်း၌ နည်းပညာမြင့် စက်ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် တန်ဖိုးမြင့်ပစ္စည်းများကိုသာ တင်ပို့ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ဖက်စပ်ကုမ္ပဏီများကို ကုန်ချောပစ္စည်းများ တင်ပို့ခွင့်ပြုခြင်းကို ကြိုဆိုပြီး တိုင်းရင်းသားလုပ်ငန်းများကလည်း ကုန်ချောများစွာထုတ်လုပ်၍ ပြည်ပတင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်သင့်ကြောင်း စီးပွားရေးပညာရှင်များက တိုက်တွန်းပြောဆိုသည်။

ယခင် ရင်းနှီးမြှုပ်နှံမှုဥပဒေ၌ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၁ ရာခိုင်နှုန်းပါဝင်ပါက နိုင်ငံခြားကုမ္ပဏီဟု သတ်မှတ်ပြီး လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းကျော်မှသာ နိုင်ငံခြားကုမ္ပဏီဟု သတ်မှတ်ထားသည်။

ဖက်စပ်ကုမ္ပဏီနှင့် တိုင်းရင်းသားကုမ္ပဏီများ၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခွဲခြားထားပြီး ဖက်စပ်ကုမ္ပဏီဆိုပါက ကုန်သွယ်မှုပိုင်းတွင် အကန့်အသတ်များဖြင့် ထိန်းချုပ်ထားကာ ယခုနောက်ပိုင်းနှစ်များမှသာ ပို့ကုန်တန်ဖိုး မြင့်တက်လာစေရန်ရည်ရွယ်၍ စီးပွား/ကူးသန်းဝန်ကြီးဌာနက ဖက်စပ်ကုမ္ပဏီများကိုလည်း ကုန်ပစ္စည်းပေါ်မူတည်၍ ပြည်ပတင်ပို့ခွင့်နှင့် တင်သွင်းခွင့်ပြုခြင်းများကို ပြုလုပ်လာခြင်းဖြစ်သည်။

S-04