News

POST TYPE

BUSINESS

ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများကို ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးမည်


ရန်ကုန်၊ ဇန်နဝါရီ ၂၃

ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများကို ယခု ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ်ဘီလီယံ ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ယင်းချေးငွေများကို အတိုးနှုန်း ၉ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်းမှာ ၃ နှစ်မှ ၅ နှစ်ကာလအထိဖြစ်ပြီး လက်ရှိ လုပ်ငန်းလည်ပတ်နေသည့် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများကိုသာ ဦးစားပေး ထုတ်ချေးပေးမည်ဖြစ်ကာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနှင့်လည်း ချေးငွေရရှိရေးအတွက် ကူညီထောက်ခံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

“ချေးငွေလျှောက်မယ်ဆိုရင် လုပ်ငန်းအမျိုးအစားနဲ့ လုပ်ငန်းအဆိုပြုလွှာကို တစ်ပါတည်းတင်ပြရမယ်။ အာမခံပစ္စည်း မပေးနိုင်ဘူးဆိုရင်တော့ မြန်မာ့အာမခံလုပ်ငန်းက ကြားဝင်အာမခံချေးပေးမှာပါ။ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့လည်း ထောက်ခံချက်ပေးပါမယ်။ ချေးငွေလျှောက်ဖို့ကာလက ဖေဖော်ဝါရီနဲ့ မတ်လ နှစ်လပဲကျန်တော့တယ်။ ဒီဘတ်ဂျက်နှစ်မကုန်ခင် ဆောင်ရွက်ရမှာဆိုတော့ ကာလကတော့ တိုတောင်းပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။ 

အဆိုပါချေးငွေများကို ယခု ဇန်နဝါရီလမှစကာ မတ်လကုန်အထိ လျှောက်ထားနိုင်ပြီဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးလျှင် လုပ်ငန်းအမျိုးအစားပေါ်မူတည်ကာ ကျပ်သိန်း ၃၀၀၀ အထိ အများဆုံး ထုတ်ချေးပေးမည်ဖြစ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့မှ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များ သိရှိစေရန်အတွက်လည်း ခရိုင်၊ မြို့နယ်ရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးများတွင် တရားဝင်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

“ကျွန်တော်တို့လုပ်ငန်းတွေ ခေတ်မီအောင် ကူးပြောင်းတဲ့အခါမှာ ဒီချေးငွေက အထောက်အပံ့ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ငါး၊ ပုစွန်လုပ်ငန်းတွေ ခေတ်မီအောင် ကူးပြောင်းဖို့ဆိုတာ အဓိကလိုအပ်တာက အရင်းအနှီးပါ။ အရင်းအနှီးပြည့်စုံမှ နည်းပညာနဲ့ ပေါင်းစပ်ရမှာပါ။ အရင်းအနှီးမရှိရင် ဘယ်လိုမှ ပြောင်းလဲလို့မရပါဘူး”ဟု ဦးဝင်းကြိုင်က ပြောဆိုသည်။

S-04