News

POST TYPE

BUSINESS

မလေးရှား စားအုန်းဆီသင်္ဘော ရန်ကုန်မြစ်အတွင်း အရှိန်လွန်ကာ ဆိပ်ကမ်းဝင်တိုက်
03-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂

မလေးရှားနိုင်ငံမှ စားအုန်းဆီပီပါများ တင်ဆောင်လာသော ပင်လယ်ကူး သင်္ဘောတစ်စင်းသည် ဇန်နဝါရီ ၂ ရက်  နံနက် ၁၀ နာရီခန့်က နိုင်ငံတကာ ဆိပ်ကမ်းသို့ကပ်ရာတွင် အရှိန်လွန်၍ သမ္ဗန်ငယ်များကို ထိခိုက်မိသောကြောင့် အဆိုပါသင်္ဘောကို ရေကြောင်းဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဆိပ်ကမ်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောကြားသည်။

“သမ္ဗန်ပျက်စီးမှုက (ကျပ်) တစ်သိန်းလောက်တော့ရှိတယ်။ သင်္ဘောက မလေးရှားပိုင်ဆိုတော့ ရေကြောင်း အာမခံတော့ရှိမယ်။ ပေါ့ဆမှုမောင်းတဲ့ ကပ္ပတိန်လည်း ရေကြောင်းဥပဒေနဲ့ အရေးယူမှာပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါ သင်္ဘောသည် ဆိပ်ကမ်းမြို့နယ် ကြည့်မြင်တိုင် Internationl Port ( နိုင်ငံတကာဆိပ်ကမ်း) သို့ ချဉ်းကပ်ရာမှ ရေကြောင်းပြောင်းလဲခဲ့ခြင်းကြောင့် ဆိပ်ခံတံတားပေါ်ရှိ သင်္ဘောကြိုးချည်တိုင်ဖြင့် ညှိပါခဲ့ပြီး အနီးရှိ သမ္ဗန်စက်လှေတစ်စင်းကို ရိုက်မိ၍ နစ်မြုပ်ခဲ့ကြောင်း ရေကြောင်းဦးစီးဌာန၊ ရေကြောင်းမှူးချုပ် ဦးအောင်ကျော်ထူးက ပြောကြားသည်။

“အသေးစိတ်က ကျွန်တော်လည်း မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ သင်္ဘောက ဒီအတိုင်းထားလို့ မရဘူး။ သင်္ဘောကို ရေလမ်းကြောင်းကျဉ်းတဲ့နေရာ ပို့ဆောင်ပြီးမှ အားလုံးစစ်ဆေးစုံစမ်းရမယ်။ အမှုဖွင့်အရေးယူတဲ့အပိုင်းက ရေကြောင်းရဲက ဆောင်ရွက်လိမ့်မယ်”ဟု ၎င်းက ရှင်းပြသည်။

ထိုသို့ စားအုန်းဆီတင်သင်္ဘော၏ မတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်၍ ရေကြောင်းရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဆိပ်ကမ်းမြို့နယ် ကြည့်မြင်တိုင် International Port  ဆိပ်ကမ်းကပ်ရန် စားအုန်းဆီတင်သင်္ဘော အရှိန်လွန်ခဲ့ပြီး စက်တပ်သမ္ဗန်အချို့၏ ရေလမ်းကြောင်းအတွင်းသို့ မျောပါခဲ့သော်လည်း လူများကို ထိခိုက်ဒဏ်ရာမရရှိကြောင်း ရေကြောင်းဦးစီးဌာနထံမှ သိရသည်။ 

J-17

  • VIA