News

POST TYPE

BUSINESS

ဗန်းမော်ခရိုင် ဆန်စပါးကုန်သည်များအသင်း တရားဝင် ဖွဲ့စည်း
11-Oct-2017 tagged as ဆန် ဗန်းမော်

ဗန်းမော်၊ အောက်တိုဘာ  ၁၁

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ကုန်သည်ကြီးများ အသင်းရုံးတွင် အောက်တိုဘာလ ၁၁ ရက်က ဆန်စပါး ကုန်သည်များအသင်းကို အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ကြီးကြပ်ရေး အဖွဲ့ထံမှ သိရသည်။ 

“ဗန်းမော် ဆန်ကုန်သည်အသင်း ဆိုတာကတော့ ယခင်ကတည်းက ရှိပြီးသားပါ၊ ဒါပေမဲ့ ပြန်လည် ဖွဲ့စည်းလိုက် တာကတော့ တရားဝင် အဖွဲ့အစည်းဖြစ် စေသည့်အပြင် ကုန်သည်များရဲ့ ကုန်စည် စီးဆင်းမှုကိုလည်း တရားဝင် ဖြစ်လာမည် ဖြစ်ပြီး အဟန့်အတား အခက်အခဲကိုလည်း တရားဝင် ဖြေရှင်းပေးနိုင်မှာပါ”ဟု ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကိုကိုဦးက ပြောသည်။ 

ဗန်းမော်ဆန်ကုန်သည် အသင်းသည် တရားဝင် အသင်းမဖြစ်သေးသည့်အတွက် နယ်စပ်ကုန်သွယ် ဆန်ရောင်းချရာတွင် တစ်ဖက်နိုင်ငံ ဝယ်လက်အနေဖြင့် ဈေးနှိမ် ဝယ်ယူခြင်းများ ရှိနေသည့်အပြင် တရုတ်ဝယ်လက် တစ်ဦးတည်းကိုသာ ဆက်သွယ်ရောင်းချရသည့်အတွက် ဗန်းမော်ရှိ ဆန် ကုန်သည် ၅၀ ခန့် နစ်နာဆုံးရှုံးမှုရှိခဲ့ကြောင်း၊ ယခင်က အသင်းအဖွဲ့အနေနှင့် တရားဝင် လမ်းကြောင်းမှ မလုပ်နိုင်သောကြောင့် ဗန်းမော် ဆန်ကုန်သည်များ အနေနှင့် အရှုံးပေါ်ခဲ့ကြောင်း၊ ပြည်နယ် ဆန်စပါး ကုန်သည်အသင်း အတွင်းရေးမှူး ဦးသန်းထိုက်အေးက သုံးသပ်သည်။ 

အဆိုပါ အသင်းကို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ၃ ဦး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်တို့ အပါအဝင် အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး အသင်းဝင် စုစုပေါင်း ၁၅ ဦးဖြင့် တရားဝင် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါ အသင်းဝင်သူများသည် အသင်းဝင်ကြေး တစ်သိန်းနှင့် လစဉ်ကြေး ကျပ်ငါးသောင်း ထည့်ဝင်ရမည်ဖြစ်ကြောင်း အသင်း၏ ဘဏ္ဍာရေးမှူး ဒေါ်သင်းသင်းထံမှ သိရသည်။

R-14