News

POST TYPE

BUSINESS

နယ်စပ်စခန်းများမှ ပို့ကုန်ကျ၊ သွင်းကုန်တက်
မြန်မာနိုင်ငံဘက်က ဖွင့်လှစ်ထားသော နယ်စပ်စခန်း ၁၅ ခု၏ ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်သည့် မူဆယ် နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဘက်က အဖမ်းများသောကြောင့် ကုန်သွယ်မှု သိသိသာသာ ကျဆင်းနေပြီး ထိုင်းနိုင်ငံဘက်မှလည်း သွင်းကုန်များသာ ဝင်နေကာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယဘက်သို့လည်း ပို့ကုန်တင်ပို့နိုင်မှု နည်းသောကြောင့် ကုန်သွယ်မှုပမာဏ ကျဆင်းရခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

"ဒီနှစ်က ပင်လယ်ရေကြောင်း ကုန်သွယ်ရေးက သိပ်မကျဘူး။ နယ်စပ်ကုန်သွယ်ရေးကတော့ ကျတယ်။ လတ်တလော တရုတ်က အဖမ်းကြမ်းနေတဲ့ ကိစ္စကတော့ သူတို့ဘက်နဲ့ တရားဝင်ကုန်သွယ်ရေး လက်မှတ်ရေးထိုးနိုင်မှ ဖြေရှင်းနိုင်မှာပါ" ဟု ၎င်းကဆိုသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ နယ်စပ်စခန်း ၁၅ ခု၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၆၀ သန်းရှိခဲ့ကြောင်း၊ ယခုနှစ် ကာလတူ ကုန်သွယ်မှု ပမာဏမှာ ၂၄၄၁ သန်းကျော်ရှိကာ ပို့ကုန်ပမာဏမှာ သိသိသာသာ လျော့ကျနေသော်လည်း သွင်းကုန်ပမာဏ မှာ ယခင်ဘဏ္ဍာနှစ်ကထက် အမေရိကန် ဒေါ်လာ ၇၃ သန်းကျော် တိုးလာကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း တရုတ်ဘက်နှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းများ ဖမ်းခြင်းသာမက ကုန်သည်များကိုပါ ဖမ်း၍ အရေးယူနေသဖြင့် တရုတ်နှင့် ကုန်သွယ်နေသည့် နယ်စပ်စခန်းဂိတ်များမှာ ကုန်သွယ်မှု ရပ်တန့်နေကြောင်း၊ ယင်းပြဿနာမှာ ကုန်သည်များ၏ အကျိုးစီးပွားတင် မဟုတ်ဘဲ နိုင်ငံ၏ အကျိုးစီးပွားပါ ထိခိုက်သောကြောင့် ဝန်ကြီးဌာနက ဝင်ရောက် ဖြေရှင်းပေးစေလိုကြောင်း မူဆယ်
နယ်စပ်ကုန်သွယ်ရေးဇုန် ဥက္ကဋ္ဌ ဦးလှမောင်က ပြောကြားသည်။