News

POST TYPE

BUSINESS

ဗန်းမော်မြို့နယ်တွင် တွေ့ရှိသော ကျောက်ကြောမှာ ရတနာတန်းဝင် ဟုတ်မဟုတ် စစ်ဆေး
22-Aug-2016 tagged as

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာတွင် တွေ့ရှိရသည့် ကျောက်ကြောမှာ ရတနာတန်းဝင် ကျောက် ဟုတ်မဟုတ် သိရှိနိုင်ရန်အတွက် ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေးလျက်ရှိရာ တစ်ပတ်အကြာတွင် အဖြေသိရမည်ဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာ၏ အနောက်ဘက် လေးမိုင်အကွာ ဖန်ခါးတောင်ခြေတွင် ဧပြီလ ၄ရက်နေ့က ဦးဖိုးချစ်သူက ကျောက်ကြောကို တွေ့ရှိရပြီး  ဧပြီလ ၄ရက်နေ့က စင်ခန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့ကြောင်း၊ ယင်းနောက် ဧပြီလ နောက်ဆုံးပတ်တွင် မြို့နယ် NLD ကို သတင်း ပေးပို့ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 

ကျောက်ကြောတွေ့ရှိသော နေရာမှာ  လမ်းခင်းကျောက် အသုံးပြုရန်အတွက် ကျောက်တောင်များကို ဖြိုချကာ တူးဖော်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် ရထားသော ကုမ္ပဏီတစ်ခုနှင့် နီးကပ်ကြောင်း၊
ယင်းကျောက်ကြောမှာ နိုင်ငံတော်အတွက် အကျိုးရလဒ် ရှိမရှိကို အမြန်ဆုံးသိရှိနိုင်ရန်  ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံ လိပ်မူကာ မေလ ၁၆ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း၊ ယင်းနောက် ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးကိုယ်တိုင် လာရောက်ခဲ့ကြောင်း၊ ယင်းနောက် ကျောက်ကြော တည် ရှိရာနေရာသို့ သြဂုတ်လ ပထမပတ်မှ စတင်ကာ
သြဂုတ်လ တတိယပတ်အထိ  ကွင်းဆင်း စစ်ဆေးနေကြောင်း၊  စစ်ဆေးရေး အဖွဲ့ထံမှ သိရှိရသည်။ 

"ကျွန်တော်တို့ရဲ့ စစ်ဆေး တွေ့ရှိချက်ကိုတော့ လောလောဆယ် မပြောနိုင်သေးပါဘူး၊ ဌာနကို အရင်ဆုံး အစီရင်ခံရမှာပါ"ဟု ကွင်းဆင်း စစ်ဆေးသော  လက်ထောက် ဘူမိဗေဒအရာရှိ ဦးသော်ဇင်အောင်က ပြောကြားသည်။

စတင်တွေ့ရှိသူ ဦးဖိုးချစ်၏ ပြောကြားချက်အရ ကျောက်မှာ အလေးချိန်တန်နှင့် ချီရှိသော အရောင်းအသွေးစုံ ကျောက်တုံးကြီးများမှာ တစ်လုံးနှင့် တစ်လုံး ထပ်လျက် ရှိနေကြောင်း၊ ကျောက်အရည်အသွေး နားလည်သူများ၏ ပြောကြားချက်အရ ကျောင်းသား အတွင်းပိုင်းအထိ အလင်း ဝင်ရောက်ပြီး သကျောက်သား ကောင်းမွန်ကာ ဖားကန့် ကျောက်စိမ်းပဲရည် အမျိုးအစားကို တွေ့ရကြောင်း  ဒေသခံများ ထံမှသိရှိရသည်။ 

"ဒီကျောက်နှင့် ပတ်သက်၍ ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဝန်ကြီးဦးလှအောင်နဲ့ ကျနော်တို့ ဇူလိုင်လက ကွင်းဆင်းကြည့်ပြီး ပြည်ထောင်စုကို တင်ပေးလိုက်ပါတယ်၊  စစ်ဆေးနေတဲ့ ရလာဒ်က ရတနာတန်းဝင်ကျောက်သာ ဖြစ်ခဲ့မယ်ဆိုရင်တော့ စင်းခန်းကျေရွာက ရတနာမြေအဖြစ် စည်ကားလာမှာပါ" ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း(ခ)ဦးအောင်သင်းက ပြောကြားသည်။

ကျေးရွာ ၇ ခုရှိသော စင်ခန်းကျေးရွာမှာ ကုမ္ပဏီများ မျက်စိကျသော ဒေသဖြစ်ပြီး လတ်တလောတွင် လယ်မြေပြဿနာများ၊ တရားမဝင် သစ်ထုတ်လုပ်နေမှုများ ဖြစ်ပေါ်နေပြီး ဓာတ်သတ္တု ထုတ်လုပ်နေသော ကုမ္ပဏီများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။   

  • VIA
  • TAGS