News

POST TYPE

BOOK GUIDE

လူငယ်နှင့် ကမ္မဗေဒ - တင်ညွန့်
21-Feb-2019

“ကမ္မဗေဒ”ဆိုသည့် စကားလုံးသည် ရင်းနှီးသလို ရှိသော်လည်း အသုံးနည်း စကားလုံးတစ်ခုဖြစ်သည်။ စာရေးသူက ကမ္မဗေဒနှင့်ပတ်သက်ပြီး အမှာစကားတွင် ရှင်းထားသည်။ Workology ဆိုသည့်စာလုံးကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်ဟုဆိုသည်။ ကမ္မကို “အလုပ်”ဆိုသည့် အဓိပ္ပာယ်ဖြင့်ယူပြီး ဗေဒမှာ “ပညာ”ဟုဆိုသောကြောင့် အလုပ်နှင့်ပတ်သက်သည့်ပညာ၊ တစ်နည်းအားဖြင့် လုပ်ငန်းဆိုင်ရာ ကိုယ်ကျင့်တရားပညာ စာအုပ်အဖြစ် ရေးသားပြုစုခြင်းဖြစ်ကြောင်း ဖွင့်ဆိုထားပါသည်။

ဤစာအုပ်ထဲတွင် အခန်းပေါင်း ၄၃ ခန်းနှင့် စာပေါင်းစု အသွင် လေ့လာလိုက်နာစရာ လမ်းညွှန်ချက်များကို တွေ့ရပါသည်။ လူငယ်များအတွက် စိတ်ဓာတ်ကို ဆောက်တည်စရာ၊ လိုက်နာစရာ ကိုယ်ကျင့်တရား စံများအပြင်၊ အလုပ်ရှင် အလုပ်သမားတို့အတွင်း ထားအပ်သည့် စိတ်ဓာတ်ရေးရာများနှင့် ခေါင်းဆောင်လုပ်မည့် လူငယ်များအတွက် လိုက်နာစရာ ခေါင်းဆောင်အရည်အချင်းအင်္ဂါရပ်များကိုပါ ရေးသားထားကြောင်းတွေ့ရသည်။

မြန်မာနိုင်ငံတွင် အလွန်တွေ့ရခဲသည် လုပ်ငန်းခွင်ဆိုင်ရာ အရည်အချင်းတစ်ခုမှာ ပူးပေါင်းဆောင်ရွက်တတ်မှု ဖြစ်ပါသည်။ စာသင်ကျောင်းများက အခြေမခံလိုက်သည် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း Teamwork သဘောတရားများကြောင့် ခေတ်သစ်စနစ်သစ်တွင် နိုင်ငံတကာကိုယှဉ်ပြိုင်ရန် ခက်ခဲလာသည်။ ကျောင်းတွေကအခြေခံပြီး  Synergy ဆိုသော သဘောတရားတွေကို သင်ပေးလိုက်ရမည်။ ဖတ်စာအုပ်ပါ ပြဋ္ဌာန်းချက်ထက် ဖောက်ထွက်တွေးနိုင်သည့် အတွေးအမြင်များကို လူငယ်များတွင် သွင်းပေးလိုက်ရန်လိုသည်။ သို့သော် ပညာရေးက အလွတ်ကျက်၊ ကိုယ်ကျက်မှ ကိုယ်ရ၊ အမှတ်ကောင်းကောင်းရမှ ဆေးကျောင်းတက်ရဆိုသည့် စိတ်ဓာတ်များနှင့် တစ်ကိုယ်ကောင်းသမားများ မွေးထုတ်ပေးနေသည်မှာ စဉ်းစားစရာဖြစ်သည်။

လူငယ်တို့သည် လူ့ဘောင်အဖွဲ့အစည်းတစ်ခု၏ အခြေခံအလွှာများဖြစ်သည်။ သူတို့သည် နုရာမှ ရင့်ကျက်သွားကြရမည့် သူများလည်းဖြစ်သည်။ ထို့ကြောင့် သူတို့ကို လုပ်ပိုင်ခွင့်နှင့် နေရာသတ်မှတ်ပေးထားရန်လိုသည်။ မယုံကြည်သဖြင့် မခိုင်း၊ မခိုင်းချင်၍ နေရာမပေးချင်၊ နေရာမပေးချင်သောကြောင့် ပစ်ပယ်ထားလိုက်လျှင် တိုင်းပြည် သို့မဟုတ် လူ့ဘောင်သာ ဆုံးရှုံးရမည်ဖြစ်သည်။

လူငယ်တွေကို မွေးထုတ်ပေးပြီး ပညာမသင်ပေးခြင်းမှာ၊ ကျည်ဆန်မပေးဘဲ သေနတ်ထုတ်ပေးထားသလို ဖြစ်နေသည်။ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို လက်ထဲထည့်ပေးထားပြီး စောင့်ရှောက်ခိုင်းထားသလို ဖြစ်နေသောကြောင့် မည်သူ့အတွက်မျှလည်း အကျိုးရှိစရာမမြင်။ ပစ်မရသည့် သေနတ်ကို လက်ထဲ ထည့်ပေးထားမည့်အတူတူ၊ ရိုက်နိုင်သည့် တုတ်တစ်ချောင်းထည့်ပေးထားခြင်းကမှ အကျိုးရှိပေလိမ့်ဦးမည်။

လုပ်ငန်းတစ်ခုကို ဦးဆောင်သူတစ်ယောက်အတွက် ဆုံးဖြတ်ချက်သည် အရေးကြီးသည်။ ခိုင်မာ၊ တိကျ၊ ပြတ်သားသော ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်သူဖြစ်ရန်လိုသည်။ ကိုယ့်ဆုံးဖြတ်ချက်တစ်ခုသည် ကိုယ့်လုပ်ငန်းအတွက် အနာဂတ်ဖြစ်သည်။

လုပ်ငန်းတစ်ခုတွင် ဦးဆောင်နိုင်သူ ခေါင်းဆောင် အရေးကြီးသည်။ သူများကို မချိန်ခိုင်းပါနှင့် ကိုယ်တိုင်ချိန်ပြီး ပစ်နိုင်အောင်ကြိုးစားပါ။ အောင်မြင်သူတိုင်း ကိုယ်တိုင်ချိန်ပြီး မှန်အောင်ပစ်နိုင်စွမ်းရှိကြသည်။ တစ်ခါတစ်ရံ ဆုံးဖြတ်ရခက်ခဲသည့် အနေအထားများကို ရောက်ရှိနိုင်သည်။ တံခါးကိုဖွင့်ရန် သော့ကိုင်ထားပြီး တံခါးရှေ့ ရပ်နေသလိုဖြစ်နေသည်။ ကိုယ့်နောက်တွင် အခန်းထဲဝင်ရန် တန်းစီစောင့်နေကြပြီဆိုလျှင်၊ ကိုယ်ကလည်း သော့ကိုင်ထားသူဆိုလျှင် ဆုံးဖြတ်ချက်ကို အမြန်ဆုံးချပေးပြီး တံခါးဖွင့်လိုက်မှ အားလုံး အလုပ်လုပ်နိုင်ကြမည်။

လူငယ်တိုင်း စွန့်စားရန်ကြောက်ကြသည်။ စွန့်စားရန် မဝံ့မရဲဖြစ်ကြသည်။ တစ်ခုခုအဆိုးဖြစ်သွားမည်ကို ကြောက်သည်။ အန္တရာယ်ဖြစ်မှာ ကြောက်သည်။ ပျက်စီးသွားမည်ကို ကြောက်သည်။ ဆုံးရှုံးသွားမည်ကို ကြောက်သည်။ ထို့ကြောင့် မစွန့်စားရဲနိုင်လောက်အောင် ဖြစ်နေကြသည်။ အချို့ကလည်း အန္တရာယ်ကို မဆင်မခြင် ဇွတ်အတင်းဝင်တိုးသဖြင့် ကိုယ်ကျိုး နည်းသွားရသည်များလည်း ရှိပါသည်။

စွန့်စားခြင်းဆိုသည်မှာ ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ နေ့စဉ်ဘဝတွင် အများဆုံး ရင်ဆိုင်နေရသည်မှာ ဘဝကိစ္စများဖြစ်သည်။ မှားမှာကြောက်သည်၊ အရူးလုပ်ခံရမှာ ကြောက်သည်၊ အငြင်းခံရမှာ ကြောက်သည်၊ လက်မခံမှာ ကြောက်နေသည်။ ထိုကြောက်နေသည့်ကိစ္စများ ဖြစ်လာလျှင် ခံစားရသည်။

အောင်မြင်ချင်လျှင် ကြောက်နေသည့် ကိစ္စများကို ရှောင်လွှဲရမည်မဟုတ်။ ရင်ဆိုင်နိုင်စေရန် ကြိုးစားရမည်သာ ဖြစ်သည်။ အနည်းနှင့်အများ တစ်နေ့တွင် ကြုံတွေ့လာရမည်ကို ရင်ဆိုင်လိုက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်သည်။ ရှောင်ပုန်းခြင်းဖြင့် မဖြေရှင်းနိုင်ပါ။ အခက်အခဲ အန္တရာယ်များမှ အကောင်းဆုံး သင်ခန်းစာယူပြီး အောင်မြင်ရမည်ဟုသာ အကောင်းမြင်စိတ် မွေးထားရန်ဖြစ်သည်။

မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကိုယ့်အလုပ်အပေါ် တာဝန်ကျေစွာဖြင့် အောင်မြင်အောင် လုပ်ဆောင်လိုသူများ ဖြစ်ရန်လိုသည်။ ရိုးသားတည်ကြည်ပြီး လုပ်ငန်းအပေါ် လေးစားသူများမှာ ဘာကိုလုပ်ဆောင်ရမည်ဆိုခြင်းအား အထွေအထူးပင် သင်နေစရာလိုမည်မထင်ပါ။

အလုပ်ကိုလာပြီး ဘာလုပ်ရင်ကောင်းမည်နည်းဟု အမြဲကြံဆနေသူမျိုးကိုသာ အလုပ်ရှင်တွေလိုပါလိမ့်မည်။ အလုပ်ကိုလာ၊ ထမင်းဘူးဖွင့်စား၊ လေကန်၊ ဖုန်းပွတ်နေတတ်သည့် အလုပ်သမားများကို မည်သည့် အလုပ်ရှင်မှ သဘောကျမည် မထင်ပါ။ အလုပ်ကိုရောက်လိုက်သည်နှင့် ငါဘာလုပ်ရမည်၊ သူဘာလုပ်နေသည်၊ ငါ့မှာအလုပ် မရှိသေးလျှင် သူ့ကို မည်သို့ ကူရမည်စသည်ဖြင့် တွေးနေသူမျိုး လိုပါသည်။

မည့်သည့်နေရာ ဌာနတွင်မဆို အလုပ်မရှိဘဲ အလုပ်ခန့်ထားမည်မထင်ပါ။ အလုပ်ကို တာဝန်ကျေလုပ်ခြင်း၊ တာဝန်မယူခြင်း၊ တာဝန်မခံခြင်းများကြောင့် အလုပ်တွေက ဘေးကို ဖယ်ထားခြင်းခံနေရသော အနေအထား ဖြစ်နိုင်ပါသည်။ ထိုင်နေပြီး အိပ်ငိုက်နေသူထက်၊ နိုးကြားတက်ကြွ တစ်ခုခုကို လုပ်ပြနေသူများကိုသာ အလုပ်ရှင်တွေက လိုပါသည်။

ဤစာစုများကို စာရေးသူသည် The Voice Daily သတင်းစာတွင် အပတ်စဉ်လိုလို ရေးသားခဲ့သည်များမှ ထုတ်နုတ်ကာ စာအုပ်အဖြစ် စီစဉ်ပေးထားခြင်းဖြစ်သည်။ ကျောင်းဆရာ အငြိမ်းစားတစ်ဦး၏ လူငယ်များအပေါ်ထားသော စေတနာတစ်ခုဟုမြင်သည်။

စာကြမ်းပိုး