News

POST TYPE

BOOK GUIDE

ဘာလဲဟဲ့ - မောင်စွမ်းရည်
21-Feb-2019

တစ်ခေတ်မှာ တစ်ယောက်ဆိုသလို ထူးခြားသော စာရေးဆရာကြီးတစ်ဦး၏ ထူးခြားရှားပါးကာ တွေ့နိုင်ခဲသည့် စာပေလက်ရာများအား စုပေါင်းထားသော “ဘာလဲဟဲ့”အစချီ ဆောင်းပါးကောင်းများဖြစ်သည်။ ဤစာအုပ်ကို ဒုတိယအကြိမ် ပုံနှိပ်ခြင်းဟု သိရသည်။ ပထမအကြိမ်ကို ၂၀၀၇ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်တွင် ပုံနှိပ်ခဲ့ဖူးသည်။ ပြည်ပတွင် ထုတ်ဝေခဲ့ပြီး ပြည်တွင်း၌ ဖြန့်ချိခွင့်ရခဲ့မည်မဟုတ်သော ဆရာ၏ စာပေလက်ရာများကို ယခုတော့ ငါတို့စာပေက ပြည်တွင်း ပထမအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်တွင် ထပ်မံထုတ်ဝေခဲ့သည်။ ထို့ကြောင့် ဖတ်ခွင့်ရခဲ့သည်။

ဆရာသည် ပြည်ပခရီးထွက်လာပြီး ရေဒီယိုကတစ်ဆင့် စစ်အစိုးရဆန့်ကျင်ရေးစကားများ ပြောလွန်းသဖြင့် ပြည်ပတွင် မပြန်ဘဲနေခဲ့သူဖြစ်သည်။ အမေရိကကိုရောက်ပြီး စာပေသမားတစ်ဦးအနေနှင့် စာပေတာဝန်ကို ကျေပွန်အောင် ရေးလည်းရေး၊ ပြောလည်းပြောပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများကို မျက်စိအမြင်၊ နားအကြား ပွင့်အောင် ကြံဆောင်ပေးခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။

အပြောရဲရဲ၊ အတွေးရဲရဲဖြင့် မြန်မာနိုင်ငံထဲတွင် နေထိုင်စဉ်ကတည်းကလည်း စာပေဝေဖန်ရေးလောက၌ လက်စောင်းထက်ခဲ့သောဆရာက -

“ဘုရားကိုယ်တော်တိုင်က ငါ့တရားကို ငါပြောတိုင်း မယုံနဲ့လို့ သံသယရှိခွင့်ပေးထားလျက်နဲ့၊ ဘုရားစာကို အထွန့်တက်ရင် မိုးကြိုးပစ်မယ်၊ မြေမျိုလိမ့်မယ်လို့ ထင်နေသမျှ ကျွန်တော်တို့နိုင်ငံဟာ လူလည်၊ လူရှုပ်၊ လူလိမ်၊ လူယုတ်တွေရဲ့ ကြီးစိုးတာကို ခံနေရဦးမှာပဲ”ဟု ထောက်ပြသည်။ ဆရာပြောသည့် လူလိမ်၊ လူလည်၊ လူရှုပ်တွေဆိုသည်မှာ မည်သို့သောသူများဖြစ်သနည်း။

နိုင်ငံရေးသမားဆိုသည်မှာ နယ်စပ်ကိုဖြတ်ကျော်လာရုံနှင့် စစ်ဝါဒီတွေကို ဆန့်ကျင်စိတ်ရှိရုံဖြင့် နိုင်ငံရေးသမားဟု မခေါ်နိုင်ပါ။ နိုင်ငံရေးသမားဆိုတာ ကိုယ်ယုံကြည်ရာ နိုင်ငံရေးပါတီတစ်ခုခုထဲကိုဝင်ပြီး နိုင်ငံရေးလမ်းစဉ်တစ်ခုခုနှင့် အလုပ်လုပ်နေသူများဖြစ်ရမည်။ ဒီမိုကရေစီနိုင်ငံရေးသမား လုပ်မည့်သူသည် ဒီမိုကရေစီဆိုသည်မှာ ဘာလဲဆိုတာ ဖြေနိုင်မည့်သူများဖြစ်ရမည်။ ဆရာပြောချင်သည့် နိုင်ငံရေးသမားသည် သိအောင်စာဖတ်ပြီး အားထုတ်နေသူ၊ တက်ကြွစွာ လှုပ်ရှားနေသော်လည်း ရိုးသားနှိမ့်ချသူမျိုးဖြစ်သည်။

စစ်တပ်ကပါတီထောင်ပြီး နိုင်ငံကိုဦးဆောင်နိုင်ရန် ကြိုးပမ်းနေချိန်ကို အားလုံးကြုံတွေ့ခဲ့ကြသည်။ “ပါတီနိုင်ငံရေး”ဆိုသည့် စကားလုံးကို တောက်လျှောက်သုံးပြီး ဟောင်ဖွာဖွာ ပြောခဲ့သူများမှာ စစ်တပ်ပါတီဖြစ်သည်။ ပါတီနိုင်ငံရေးကို အော်သာအော်နေရသည် စစ်တပ်က မည်သည့်ပါတီကိုမှ မလိုလားသူများလည်းဖြစ်သည်။ မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမှလည်း မလိုလား၊ သူတို့ထူထောင်ထားသည့် စစ်တပ်ပါတီတစ်ခုတည်းကိုသာ ရပ်တည်နိုင်စေရန် ကြိုးပမ်းခဲ့သူများဖြစ်သည်။ သူတို့စိုးမိုးသော ခေတ်ကာလများတွင် နိုင်ငံရေးသမားများကို မရှိစေချင်သောကြောင့် တောက်လျှောက် တိုက်ခိုက်အပုပ်ချခဲ့ရုံမက၊ ရှိပြီးသား နိုင်ငံရေးသမားများကိုပင် သမိုင်းတွင် ပယ်ဖျောက်နိုင်စေရန် ကြိုးစားခဲ့ကြသည်။

ဒီမိုကရေစီဆိုသည်မှာ ပြည်သူ့အစိုးရတင်မြှောက်နိုင်ရုံနှင့်မပြီးပါ။ တိုင်းပြည်စီးပွားရေးကို အခွင့်အရေးတန်းတူ ရနိုင်သည်အထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးနိုင်မှ ဒီမိုကရေစီဖြစ်သည်။ စစ်မှန်သော ဒီမိုကရေစီ သဘောတရားနှင့် သေနတ်ဖြင့် အုပ်ချုပ်သော အာဏာရှင်ဒီမိုကရေစီကို ကွဲပြားအောင် လုပ်နိုင်ရမည်။ စစ်အာဏာရှင်များအုပ်ချုပ်သောခေတ်တွင် ပိတ်ထားသောကြောင့် မတိုးတက်ဟုဆိုကြသည်။ ထို့ကြောင့် စစ်အာဏာရှင်များက “ဖွင့်ပေးရေး”ကို အော်ကြသည်။ အမှန်တကယ် မြန်မာနိုင်ငံအတွက် လိုအပ်နေသည်မှာ “ဖွင့်ပေးရေး”မဟုတ်။ “ဖယ်ပေးရေး”ဖြစ်သည်။ ဂုဏ်ရှိရှိဖယ်ပေးလိုက်မှ သမိုင်းကောင်းမည်။

မြန်မာနိုင်ငံအစိုးရဝန်ကြီးအဖွဲ့တွင် ရာထူးလေးပုံတစ်ပုံကို ရွေးကောက်ပွဲမဝင်သည့် စစ်တပ်က သိမ်းပိုက်ထားသည်။ တစ်ကျပ်လေးပုံတစ်ပုံကို သူတို့သိမ်းပိုက်ထားသောကြောင့် တစ်မတ်သားဟုခေါ်ဆိုနိုင်သည်။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းက “တစ်မတ်သားပါလီမန်”ဟု မကြာခဏ အသုံးပြုခဲ့သည်။ အဘယ်ကြောင့် တစ်မတ်သားတွေက ပါလီမန်ထဲ ဝင်လာရသနည်း။ တိုင်းပြည်တွင် အရပ်သားတွေ မအုပ်ချုပ်တတ်သောကြောင့် ချောက်ထဲကျခါနီး လက်တစ်လုံး အနေအထားကို မကြာခဏ ရောက်သွားတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တစ်ခါတည်း ကယ်တင်သည့်အနေနှင့် ပါလီမန်ထဲတွင် တစ်မတ်သားအဖြစ် ပါဝင်နေရခြင်းဖြစ်သည်။ တစ်မတ်သားဆိုသည်မှာ လေးပုံတစ်ပုံ။ တော်သေးသည် ၅၀ သား၊ ၇၅ ကျပ်သား၊ တစ်ပိဿာအပြည့်မတောင်းသည်ကိုပင် သူတို့ကို ကျေးဇူးကြံဖန်တင်ရဦးမည်။

ဗိုလ်ချုပ်တွေကြီးစိုးစဉ်ခေတ်က ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအနေနှင့် ဗိုလ်ချုပ်ကြီးများကို လက်အုပ်ချီကြရသည်ကို မှတ်မိကြပေလိမ့်မည်။ ဘာကိုကြည်ညိုသောကြောင့် လက်အုပ်ချီကြသနည်း။ အခွင့်ထူးခံတွေက သူတို့အကျိုးကို ဆောင်ပေးသောကြောင့် လက်အုပ်ချီကြသည်မှာ ပြဿနာမဟုတ်။ ပြည်သူက အဘယ်ကြောင့် လက်အုပ်ချီရမည်နည်း။ မည်သည့်ကျေးဇူးရှိသောကြောင့် လက်အုပ်ချီကြရမည်နည်း။ ဗုဒ္ဓကိုယ်တိုင်က မှန်၊ မမှန် မစစ်ဆေးဘဲ မယုံကြည်နှင့်၊ ကျမ်းဂန်လာဆိုပြီး မယုံကြည်နှင့်ဟု ဟောတော်မူခဲ့သည်။ အကြောက် တရားနှင့် စိုးမိုးခြောက်လှန့်ပြီး လက်အုပ်ချီရှိခိုးခိုင်းခြင်းမှာ မှန်ကန်ပါသလော။ 

ဤစာအုပ်တွင် ဆရာမောင်စွမ်းရည်၏ “ဘာလဲဟဲ့”အစချီ ဆောင်းပါးအပုဒ်ပေါင်း ၃၃ ပုဒ်ကို ဖော်ပြထားသည်။ နိုင်ငံရေးအကြောင်း၊ ခေတ်အကြောင်း၊ စနစ်အကြောင်း၊ အယူလွဲ၊ အတွေးလွဲတွေအကြောင်းကို ထိမိသော စကားလုံးများဖြင့် ထောက်ပြဝေဖန်ထားခြင်းဖြစ်သည်။

ဆောင်းပါးများကို ဆရာမောင်စွမ်းရည် ပြည်ပ (နယူးယောက်) တွင်ရောက်နေစဉ်က အာဟာရစာစောင်၊ သစ္စာတော်လှန်ရေး စာပေမဂ္ဂဇင်းတို့တွင် ရေးခဲ့သောဆောင်းပါးများဖြစ်သလို ဆရာကိုယ်တိုင်အလွတ်ရေးထားသည့် ဆောင်ပါးများဖြစ်သည်။ စစ်အစိုးရအုပ်ချုပ်ချိန်နှင့် စာပေစိစစ်ရေးဆိုသည့်ခေတ်တွင် လုံးဝထွက်ပေါ်ရန် မဖြစ်နိုင်သော စာပေလက်ရာကောင်းတစ်အုပ်ကို ယခုခေတ်တွင်မှစုစည်းပြီး ဖတ်ရသည်မှာ အရသာရှိလှသည်။

စာကြမ်းပိုး