News

POST TYPE

BOOK GUIDE

ကွန်ဖြူးရှပ်၏ စီးပွားရေးဒဿန - တင်ညွန့်
09-Feb-2019
ကွန်ဖြူးရှပ်၏ စီးပွားရေးဒဿန
တင်ညွန့်

ဤစာအုပ်ပါ ကွန်ဖြူးရှပ်၏ အတွေးအမြင်များအကြောင်းကို The Voice Daily သတင်းစွာတွင် ပြတ်တောင်းစွာဖြင့် ရေးသားခဲ့ပါသည်။ စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေမည်ဆိုသည့်အခါ ဆီလျော်အောင်၊ ဆက်စပ်အောင် ချိတ်ဆက်ရသည်။ နိဒါန်းတွေဖြည့်ရသည်။ အကြောင်းအရာကဏ္ဍတစ်ခုအနေနှင့် လေ့လာဖတ်ရှုစဖွယ် စီစဉ်ထားသည့် စာအုပ်တစ်အုပ်အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။

ကွန်ဖြူးရှပ်အတွေးအမြင်များကို လေ့လာဆန်းစစ်ကြည့်လျှင် မင်းကို ကိုယ်ကျင့်တရားနှင့် အုပ်စိုးတတ်သူ၊ မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်တတ်သူအဖြစ် သွန်သင်သည်။ တိုင်းပြည်အုပ်ချုပ်သူတစ်ဦးသည် ဓနအင်အားကို အချိုးညီစွာ ခွဲဝေစီမံတတ်သူဖြစ်ရန်လိုသည်။ တိုင်းပြည် ဆင်းရဲရခြင်းမှာ စီးပွားရေးကို ကောင်းစွာ မကိုင်တွယ်နိုင်သောကြောင့်ဖြစ်သည်။ စီးပွားရေးကို ကောင်းစွာ မစီမံတတ်လျှင် နိုင်ငံသည် ညီညွတ်မှုလည်း မရှိနိုင်။ မမျှမတခံစားနေရသည်၊ ဆင်းရဲရသည်ဟု မြင်လာလျှင် ပုန်ကန်ခြားနားတော့မည်။ မင်းကျင့်တရား စီမံခန့်ခွဲနိုင်စွမ်းများကောင်းလျှင် တိုင်းပြည်အတွင်း ပုန်ကန်ခြားနားမှုများ မရှိနိုင်ဟု သူကယူဆသူဖြစ်သည်။

ကွန်ဖြူးရှပ်သည် ပညာရေးသမားပီသသော ဆရာကောင်းတစ်ဦးလည်း ဖြစ်သည်။ သူက ပညာရေးတွင် အဆင့်အတန်းမရှိဟုသင်ကြားခဲ့သည်။ ပညာတတ်လျှင် အားလုံးတစ်တန်း စားတည်းဖြစ်သည်။ မင်းမှသည် အောက်ခြေပြည်သူအထိ ပညာတတ်လျှင် တစ်တန်းတည်းဖြစ်သည်။ ထို့ကြောင့် အားလုံး ပညာကို လေ့လာလိုက်စားရန် သူကဆုံးမလေ့ရှိသည်။

တရုတ်နိုင်ငံတွင် ကွန်မြူနစ်တို့ ကြီးစိုးလိုက်သည့် အချိန်တွင် ကွန်ဖြူးရှပ်အယူအဆ အတွေးအခေါ်တွေ တိမ်မြုပ်ခဲ့ရသည်။ ဘာသာရေး မှိုင်းတစ်ခုအနေနှင့် ဆန့်ကျင်ခဲ့ခြင်းကြောင့်လည်း တရုတ်နိုင်ငံတွင် အလွန်အကျွံ အစွန်းရောက်မှုများကို ရင်ဆိုင်ခဲ့ရသည်။ တရုတ်သမ္မတ ဟူကျင်တောင်းလက်ထက်ကတည်းက ကွန်ဖြူးရှပ်အတွေးအခေါ်တွေကို ပြန်လည်ဖော်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံတွင်သာမက ဂျပန်အပါအဝင် အရှေ့တောင်အာရှဒေသများအတွင်း ကွန်ဖြူးရှပ်ဝါဒဆိုကာ ထူထောင်နိုင်ရုံမက၊ ဂိုဏ်းများပင် ပေါ်ပေါက်လာသည်မှာ အကြောင်းမဲ့ မဖြစ်နိုင်ပါ။ ဟူကျင်တောင်း ကိုယ်တိုင်က “သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်ရေး”ဟု ကြွေးကြော်လိုက်ရာ ထိုအတွေးအခေါ်ကပင် ကွန်ဖြူးရှပ် အတွေးအခေါ်ဖြစ်နေသည်။ တရုတ်တွေ ပြောင်းသင့်သည်ကို ပြုပြင်ပြောင်းလဲလိုက်ခြင်းကြောင့်သာ စီးပွားရေး တစ်ဟုန်ထိုး မြင့်မားသွားခဲ့ရသည်။ ထိုသို့မြင့်မားရန် ကွန်ဖြူးရှပ်၏ အတွေးအမြင် ဒဿနတွေက များစွာ အထောက်အကူပြုခဲ့သည်။

ကွန်ဖြူးရှပ်က ပညာတွင် အဆင့်အတန်းမရှိဟု ဆိုခဲ့သော်လည်း လူမှန်နေရာမှန် သူ့အဆင့်အတန်းနှင့်သူ နေတတ်ထိုင်တတ်ရန် ပြောကြားခဲ့ပါသည်။ သူက မင်းသားက မင်းသားလိုနေ၊ ဝန်ထမ်းက ဝန်ထမ်းလိုနေ၊ အဖေက အဖေလိုနေ၊ သားကသားလိုနေဟု ပြောဆိုခဲ့ခြင်းမှာ အကြောင်းမဲ့ ပြောဆိုခဲ့ခြင်းမဟုတ်ပါ။ ကိုယ့်နေရာ ကိုယ်သိ၊ ကိုယ့်တာဝန်ကိုယ်သိပြီး၊ ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းဖြင့် ယုံကြည်ချက်ရှိရှိ ဘဝကိုတည်ဆောက်ကြရန် လမ်းညွှန်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းသည်ပင် ကွန်ဖြူးရှပ်အတွေးအမြင်တွင် အခြေခံဖြစ်ခဲ့ပါသည်။

ကွန်ဖြူးရှပ်အတွေးအခေါ်က ရိုးရိုးလေးဖြစ်ပါသည်။ အကျင့်စာရိတ္တကိုသာ ကောင်းအောင်နေလိုက်ပါ။ တန်ဖိုးကြီးကြီးမပေးရဘဲ အကျိုးရှိသွားနိုင်သည်။ အလုပ်တွင် ဆင်ခြေများများမပေးလျှင် အလုပ်တွင်သည်။ လောဘကြီးသူသာ သုခကို ခံစားနိုင်သည်။ မာနမရှိသူမှာ ဂုဏ်သိက္ခာရှိသည်။ အစွန်းမရောက်လျှင် ဉာဏ်ရှိသူဖြစ်သည်။ ယင်းညွှန်ကြားချက်များကလည်း စီးပွားရေးလုပ်ဆောင်လိုသူများအတွက် လမ်းညွှန်ချက်ကောင်းတစ်ခုဖြစ်နိုင်ပါသည်။

တရုတ်အတွေးအခေါ်တွင် “ကွန်းရှိ”ဆိုသည့် သဘောတရားက အရေးကြီးသည်။ ကွန်းရှိဆိုသည်မှာ အပြန်အလှန် လေးစားမှုဖြင့် ဆက်ဆံရေးဖြစ်သည်။ တရုတ်တို့က ကွန်းရှိကို “ဒုတိယ ငွေစက္ကူ”ဟုပင် တင်စားလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ငွေရှိရုံဖြင့် အရာရာမအောင်မြင်နိုင်။ ကွန်းရှိကိုထုတ်သုံးနိုင်မှ လုပ်ငန်းတွင် အောင်မြင်နိုင်မည်ဆိုသော သဘောတရားကလည်း ကွန်ဖြူးရှပ် အတွေးအမြင်များတွင် အခြေခံထားကြောင်း တွေ့ရမည်ဖြစ်သည်။ ကွန်းရှိသဘောတရားကို အကောင်းဆုံး ဖွင့်ဆိုချက်မှာ “မင်းက ငါ့ကျောကို ကုတ်ပေးလျှင်၊ ငါကလည်း မင်းကျောကို ပြန်ကုတ်ပေးမည်”ဆိုသည့် သဘောတရားဖြစ်သည်။

ကွန်ဖြူးရှပ်သည် မိသားစုကို အလွန်အလေးထားသူဖြစ်သည်။ ဘာလုပ်လုပ် မိသားစုအရေးကို တွေးတောရန်လိုကြောင်းပြောသည်။ စီးပွားရေးအသိုက်အမြုံတစ်ခုကို ထူထောင်ရာတွင်ပင် မိသားစုအတွင်း စည်းလုံးစွာဖြင့် လုပ်ငန်းကို ထူထောင်လျှင် ခိုင်မာသည်။ ကြားကအဖျက်အဆီးများကို ကာကွယ်နိုင်မည်ဟု ယူဆထားသူဖြစ်သည်။ သူက

“ဤလောကတွင် အစဉ်အတိုင်း ဦးစားပေးစနစ်ဖြင့် တန်းစီထားရမည်ဆိုလျှင် နိုင်ငံတော်ဆိုသည်ကို ပထမနေရာတွင် ထားရမည်။ ဒုတိယ မိသားစုကို နေရာပေးပြီးမှ မိမိဘဝကို ပျိုးထောင်ရမည်။ သို့မှသာ လူမှန် နေရာမှန် ရောက်နိုင်မည်”ဟုဆိုခဲ့သည်။ သူ့အတွက် နိုင်ငံတော် ပထမဆိုသည်မှာ စီးပွားရေး လုပ်ဆောင်လိုသူများအနေနှင့် သတိထားစရာဖြစ်သည်။ နိုင်ငံတော်ဆိုသည်မှာ ပေါ်လစီမူဝါဒတွေကို ချမှတ်ကြရသူများဖြစ်သည်။ နိုင်ငံတော်အသံကို နားထောင်၊ မိသားစုအကြံဉာဏ်ကိုယူ၊ အသိုက်အဝန်းဖြင့် ဓနအင်အားကို ဆောက်တည်ပြီးမှ စီးပွားရေးလုပ်လျှင် အောင်မြင်နိုင်ကြောင်းကို သူကထင်ရှားစွာ ပြဆိုနိုင်ခဲ့သည်။

စီးပွားရေး အခြေခံသဘောတရားများကို မိသားစုအတွင်း ဦးစွာသင်ရမည်။ မိသားစုလုပ်ငန်းအသွင် အောင်မြင်လျှင် တစ်ဆင့်ချင်း ချဲ့ထွင်သွားရန်ဖြစ်သည်။ သူက မိသားစုစီးပွားရေးမှာကတည်းက “ကိုယ့်မိသားစုကိုမသင်နိုင်ဘဲ အခြားသူများကို မသင်ကြားနိုင်”ကြောင်းထုတ်ဖော်ခဲ့သည်။ ထို့ကြောင့် အိမ်တွင်းသည် တိုးတက်မှု၏ အခြေခံတစ်ခုဖြစ်ကြောင်း သဘောပေါက်နိုင်ပါလိမ့်မည်။

တရုတ်ဝါဒက ချွေတာစုဆောင်း သူဌေးလောင်းဝါဒ ဖြစ်သည်။ တရုတ်တို့၏ “စီးပွားရေး”ဆိုသော စကားလုံး အယူအဆကို အနက်ဖွင့်လိုက်လျှင်လည်း လိုသလောက်သာသုံး၊ ချွေတာစုဆောင်းဆိုသည့်သဘောဆောင်နေသည်။ တရုတ်တွေ အဘယ်ကြောင့် ကြီးပွားတိုးတက်နေသနည်း။ ပညာတတ်အောင်သင်သည်။ ကမ္ဘာကို မြင်အောင်ကြည့်သည်။ စီးပွားရေးကို တစ်ဖက်စောင်းနင်းတိုးတက်အောင်လုပ်ပြီး သုခကိုရှာနေသည်။ သူတို့ ကွန်ဖြူးရှပ်ကို မမေ့ကြသည်မှာ အကြောင်းရှိသည်။

စာကြမ်းပိုး