News

POST TYPE

BOOK GUIDE

ရာဇာနှင့် သာသနာ - ပါရဂူ
31-Jan-2019

ဤစာအုပ်အကြောင်းနှင့်ပတ်သက်ပြီး စာရေးသူ ဆရာကြီး ပါရဂူက စကားပလ္လင်မှာပင်-

“ရာဇာနှင့် သာသနာစာအုပ်၌ အုပ်ချုပ်ရေးတခြား၊ ဘာသာရေးတခြား မူဝါဒနှင့် ထော်လော်ကန့်လန့် လုပ်သည်ဟူ၍လည်း မဆိုနိုင်သော၊ အုပ်ချုပ်ရေးတခြား၊ ဘာသာရေး တခြားမူဝါဒနှင့် ထော်လော်ကန့်လန့် လုပ်သည်ဟူ၍လည်း ပြော၍မရသော၊ အသောကမင်းတရားကြီး၏ တရားဓမ္မဆိုင်ရာ မူဝါဒကို လိုက်နာသော ကမ္ဘာ့သမိုင်း၌ရှိသည့် ဘုရင်ဧကရာဇ်များ၏အကြောင်းကို သုတေသနပြုလုပ်လျက် ရေးပြထားသည်”ဟု ဖော်ပြထားပါသည်။

ဗုဒ္ဓဘာသာအပေါ် ယုံကြည်မြတ်နိုးစွာဖြင့် ခေတ်အဆက်ဆက် စည်ပင်ဖွံ့ဖြိုးစေရန် လုပ်ဆောင်ခဲ့ကြသော မင်းမြတ်အပေါင်းကို ဤစာအုပ်ထဲတွင် တစ်ပေါင်းတည်း တွေ့ရမည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှ (ပီယဒဿီ အသောက၊ မိလိန္ဒ၊ ကနိရှက၊ ဟဿဝဒ္ဓန)၊ သီရိလင်္ကာနိုင်ငံမှ (ဒုဋ္ဌဂါမဏိ၊ ပရက္ကမဗာဟု)၊ တရုတ်နိုင်ငံမှ (ဘုရင်ဦတည်)၊ ထိုင်းနိုင်ငံမှ (သီရိသူရိယဝံသရာမ)၊ မွန်ဂိုမှ (ကုဗလေခန်)၊ တိဗက်မှ (ဘုရင်ဂမ္ပို)၊ နိပေါမှ (အံသုဝမ္မာ)၊ ဂျပန်မှ (ဘုရင်ရှိုတိုကု)၊ ကိုရီးယားမှ (ဘုရင်ဝမ်ကိယင်)၊ ကမ္ဘောဒီးယားမှ (သတ္တမ ဇယဝမ္မာ)၊ လာအိုမှ (ဖန်ညုန်)၊ သီရိဝိဇယ (သီရိဝိဇယနာဂ)၊ စမ္ပာ (ဒုတိယ ဣန္ဒြာဝမ္မာ)၊ မြန်မာ (ဓမ္မဒဿီ၊ ကျန်စစ်သား၊ ဓမ္မစေတီ၊ မင်းတုန်းမင်း) တို့အကြောင်းများကို ပြုစုရေးသားထားသည့် စာအုပ်လည်း ဖြစ်ပါသည်။

အသောက၏ ဓမ္မလမ်းကြောင်းသည် အလွန်ကြည်ညိုဖွယ်ကောင်းသည်။ သူက ဓမ္မကို သူ့ဘဝအတွက် လမ်းကြောင်း သို့မဟုတ် လူ့သဘောသဘဝကို မြှင့်တင်ပေးနိုင်သည့်အရာသာမက နှလုံးသားကို အနိုင်ရစေနိုင်သည့် လက်နက်တစ်ခုအနေဖြင့် အသုံးပြုခဲ့သူဖြစ်သည်။ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည် မြတ်နိုးလွန်းသူ ဖြစ်သောကြောင့်လည်း ဗုဒ္ဓ၏ ဓာတ်တော်များကို စေတီပေါင်း ရှစ်သောင်းလေးထောင် မျှဝေတည်ခဲ့သူအဖြစ် သာသနာသမိုင်းတွင် နာမည်ကျော်ခဲ့သည်။

မိလိန္ဒပဉှာမင်းကြီးကား အတတ်ပညာ ၁၉ မျိုးကို တစ်ဖက်ကမ်းခတ် တတ်မြောက်သည်။ စာပေအရာတွင်လည်း သူမတူအောင်ထက်မြက် ကျွမ်းကျင်သည်။ အရှင်နာဂသေနနှင့်တွေ့မှ မာန်ကျခဲ့ရသည့် ဘုရင်တစ်ပါးအဖြစ် ကျော်ကြားသည်။ မိလိန္ဒနှင့် အရှင်နာဂသေနတို့၏ အပြန်အလှန် ဆွေးနွေးပြောဆိုချက်များသည် ဗုဒ္ဓသာသနာတွင် သမိုင်းမှတ်တမ်းကြီးတစ်ခုအဖြစ် ထင်ရှားကျော်ကြားသည်။ အသောကမင်းကြီး ထွန်းညှိသွားခဲ့သည့် ဓမ္မဆီမီးကို ငြိမ်းမသွားစေရန် ဆက်လက်ထိန်းသိမ်းထားသူမှာ မိလိန္ဒမင်းကြီးသာဖြစ်သည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း လေးရာကျော်ကြာ ကနိရှက ဘုရင်မင်းကြီးလက်ထက်ကျမှ ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ကိုးကွယ်ခဲ့ကြသည်။ နောက်ပိုင်း ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုများ ခေတ်စားလာသည်။ အသောကမင်းကြီးပြီးလျှင် ကနိရှက ဘုရင်ကြီးကို အကြီးမားဆုံး ဗုဒ္ဓဘာသာ၏ သာသနာ့ဒါယကာ ဘုရင်ကြီးအဖြစ် အသိအမှတ်ပြုကြသည်။

ဟဿဝဒ္ဓနဘုရင်သည် နာလန္ဒာတက္ကသိုလ်ကို အထောက်အပံ့ပြုပေးခဲ့သူဖြစ်သည်။ နေ့စဉ် ရဟန်း သံဃာတော် ၁၀၀၀၀ နှင့် ဗြာဟ္မဏ ၅၀၀ ကို ဆွမ်းလောင်းလေ့ရှိသည်။ ဟဿဘုရင်လက်ထက်က သံဃရာမ ကျောင်းတိုက်ပေါင်း ၅၀၀၀ နှင့် ရဟန်း သံဃာပေါင်း သုံးသိန်းကျော်ရှိကြောင်း မှတ်တမ်းများရှိသည်။ သူသည် စာပေကို မြတ်နိုးတန်ဖိုးထားတတ်ရုံမက ရတနာသုံးပါးကို အလွန်ကြည်ညိုပြီး ဗုဒ္ဓဘာသာကို ထွန်းတောက်စေရန် ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဒုဋ္ဌဂါမဏိမင်းကြီးသည် လောဟမဟာ ပါသာဒ ကြေးပြသာဒ်ကြီးကို တည်ဆောက်ပူဇော်ခဲ့သူဖြစ်သည်။ ယင်းပြာသာဒ်ကြီးသည် ကြေးနီကဲ့သို့သော သံအုတ်အနီဖြင့် ပြုလုပ်ထားသည့် တံတိုင်းများဖြင့် ကာရံထားသည်။ သံဃာတော်များကို ရည်စူးပြီး လှူဒါန်းခဲ့သည့် ယင်းပြာသာဒ်ကြီးသည် ဗုဒ္ဓသာသနာကို အလွန်ကြည်ညိုမြတ်နိုးမှုကို ထုတ်ဖော်သွားခြင်းပင်ဖြစ်သည်။ ဒုဋ္ဌဂါမဏိမင်းကြီးကို သူ၏ မြင့်မြတ်သော စွန့်လွှတ်မှုများကြောင့် ဗောဓိသတ္တ ဘုရားလောင်းဟု ဆိုကြသည်။

ဘုရင်ဦတည်သည် ကွန်ဖြူးရှပ်ဘာသာဝင်တစ်ဦးဖြစ်သော်လည်း ကျောင်မင်းဆက် မင်းသားတစ်လျန်ကြောင့် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲသွားရသူဖြစ်သည်။ ဘုရား တည်၊ ကျောင်းဆောက်ရုံမက ဗုဒ္ဓကျမ်းပေါင်းများစွာကို နှစ်စုံစီ ထုတ်ဝေဖြန့်ချိခဲ့သည်။ ဦးတည်ဘုရင်လက်ထက်တွင် တရုတ်နိုင်ငံ၌ ဗုဒ္ဓသာသနာသည် ထွန်းကား အပြန့်ပွားဆုံးဖြစ်သည်။ သူသည် ဇရာပိုင်းရောက်သည့်အခါ ဗုဒ္ဓဘာသာ၏ ဆုံးမ သွန်သင်ချက်များအတိုင်း ကျင့်ကြံနေထိုင်မည်ဟု ဆုံးဖြတ်လိုက် သည်။ သူ၏ ပိုင်ဆိုင်မှုများအားလုံးကို နန်းတွင်းသားများအား မျှဝေပေးလိုက်ပြီး သာမန်ရိုးရိုး အရပ်သားဘဝဖြင့် နှိမ့်ချစွာ နေထိုင်သွားခဲ့သူလည်းဖြစ်သည်။

မွန်ဂိုဘုရင် ကုဗလေခန်သည် ၃၅ နှစ်ကြာ ထီးနန်းစိုးစံခဲ့သည်။ အလွန်ထင်ရှားသည့် စစ်ဘုရင်ကြီးတစ်ပါးဖြစ်ပြီး အသက် ၈၀ မှကွယ်လွန်ခဲ့သည်။ သူ၏အင်ပါယာထဲကို အိန္ဒိယနယ်အတော်များများ ထည့်သွင်းနိုင်ရုံမက မွန်ဂိုနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် ပြဋ္ဌာန်းနိုင်ခဲ့သူလည်းဖြစ်သည်။ မွန်ဂိုနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့သည်မှာ သူ၏စွမ်းဆောင်ချက်ကြောင့်ဖြစ်ပါသည်။

ဆရာကြီးပါရဂူသည် စာပေတာဝန်အလွန်ကျေပွန်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ဗုဒ္ဓဘာသာစာပေများနှင့်ပတ်သက်၍လည်းကောင်း၊ အိန္ဒိယစာပေကောင်းများကို မြန်မာဘာသာသို့ ပြုစုခဲ့ရာတွင်လည်းကောင်း တစ်ခေတ်တစ်ယောက်ဆိုသလို မည်သူမှ မပြုစု မရေးသားနိုင်ခဲ့သည့် စာပေကျမ်းဂန်ပေါင်း များစွာကို ရေးသားပြုစုနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။

ဆရာကြီးသည် အသက် ၉၀ အရွယ် ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ မြန်မာစာပေလောကအတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်။ အသက် ၈၀ အချိန်အထိ လုံးချင်း စာအုပ်ပေါင်း ၁၀၀ ကျော် ပြုစုရေးသားခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆုကို ရရှိခဲ့သည်။

ပညာဉာဏ်နှင့် စေတနာကြီးလှသည့် ဆရာကြီး၏ လက်ရာမွန် “ရာဇာနှင့် သာသနာ”တွင် ဗုဒ္ဓဘာသာအပေါ် ထိန်းသိမ်းစောင့်ရှောက် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ခဲ့ကြသည့် မင်း (ရာဇာ) အပေါင်း၏ သမိုင်းများကို ဖော်ထုတ်ပေးထားသည်။ အလွန်သိရခဲသည့် အကြောင်းအရာလေးများလည်းပါသည်။ ဆရာကြီးက တို့ထိလှုပ်ခတ်ပေးလိုက်ခြင်း ဖြစ်မည်။ ဆက်လက်လေ့လာစရာတွေက များလှသည်။ ဆရာကြီး ကောင်းရာသုဂတိ ရောက်ပါစေသတည်း။

စာကြမ်းပိုး