News

POST TYPE

AUTOMOBILE

သရုပ်ဆောင် နေမင်းနှင့် တွေ့ဆုံခြင်း
15-May-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍအတွက် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် နေမင်းနဲ့တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားအမျိုးအစားလေးအကြောင်းနဲ့ ကားနဲ့ပတ်သက်တဲ့ သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Voice : အခု ဘာကားအမျိုးအစားလေး စီးနေလဲ။ 
NM : လက်ရှိက Alphard နဲ့ Toyata Vigo စီးနေပါတယ်။ 

Voice : ဒီကားလေးတွေကို ဘာလိုကြောင့် ဝယ်ဖြစ်သွားတာလဲ။ 
NM : ကျွန်တော်က ဘယ်လို ပြောရမလဲဆိုတော့ ငယ်ငယ်ကတည်းက ကားဆို မောင်းလို့ရတယ်၊ ခရီးသွားလို့ရတယ်ဆို စီးတယ်။ မရွေးချယ်တတ်ဘူး။ ဘာကြောင့် လဲဆိုတော့ အဲ့ဘက်(ကား)မှာ ရူးသွပ်တဲ့စိတ် မထားထားလို့။ 

Voice : ငယ်ငယ်ကတည်းက ကားတွေအမျိုးမျိုး ပြောင်းစီးဖူးတယ်ဆိုတော့ ဘယ်အမျိုးအစားတွေ စီးခဲ့ဖူးလဲ။ 
NM : အမှန်တိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင် ကြွားတာ မဟုတ်ဘူး။ ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော့်ဘကြီးက မော်ဒယ်လ် အသစ်ထွက်တိုင်း ဝယ်လေ့ရှိတယ်။ Land Cruiser စပေါ်ခါစဆို သူ မှာစီးတယ်။ ဘကြီးက အမြဲတမ်း ကားပြောင်းစီးနေကျဆိုတော့ ကားမော်ဒယ်လ်အစုံ စီးဖူးတယ်။ ကျွန်တော် ကားတွေကို တန်ဖိုးဘယ်လောက် မထားသလဲဆို  ကျွန်တော့်ဘကြီး ကျွန်တော်စီးဖို့ဆိုပြီး Lexus တစ်စီး ဝယ်ပေးထားတာ ရောင်းစားပစ်တယ်။ အခုကတော့ Alphard လေးပဲ စီးဖြစ်တယ်ပေါ့နော်။ 

Voice : ဒီကားကိုရော ထပ်လဲဖို့ အစီအစဉ်ရှိလား။ 
NM : ကျွန်တော်က ကျွန်တော့်အပေါ် ကောင်းတဲ့ကားဆို ကျွန်တော် ရောင်းပစ်ဖို့ ဝန်လေးတယ်။ အဲလိုကျ တစ်ယောက်ယောက်ကို လက်ဆင့်ကမ်းလိုက်တာတို့ ဘာတို့လောက်ပဲ လုပ်ဖြစ်တယ်။ ထုတ်ရောင်းဖြစ်တယ်ဆိုတာ ရှားတယ်ပေါ့နော်။ အရင်တစ်စီးပဲ အဲဒီအချိန်တုန်းက အသုံးလိုနေလို့ ရောင်းဖြစ်သွားတာ။ 

Voice : ကားတွေ အတော်များများ စီးခဲ့ဖူးတာဆိုတော့ ကိုယ့်အတွက် အမှတ်တရ ဖြစ်ခဲ့တဲ့ ကားမျိုးရော ရှိခဲ့ဖူးလား။ 
NM : ဘယ်ကားက ကျွန်တော့်အတွက် အမှတ်တရ ဖြစ်ခဲ့လဲဆို ဒီကားရဲ့ရှေ့က Hiace က ကျွန်တော့်အတွက် အမှတ်တရတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ အဲဒီကားပေါ်မှာ အချစ်ပေါင်း များစွာလည်း ရှိခဲ့တယ်။ အောင်မြင်ခြင်းတွေ၊ ကျဆုံးခြင်းတွေ ရှိခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ခြေလှမ်း တော်တော်များများက အဲဒီ ကားနဲ့ပဲ စခဲ့တာ များတယ်။ 

Voice : ကားနဲ့ပတ်သက်ပြီး ပရိသတ်ကိုရော ဘယ်လို အကြံပေးချင်လဲ။ 
NM : ကိုယ့်အတွက် သင့်တော်မယ့် ကိုယ်သွားမယ့်လမ်းခရီးနဲ့ သင့်တော်မယ့်ကားမျိုးကို စီးသင့်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကိုယ်စီးသင့်တဲ့ကားနဲ့ သူတို့စိတ်ထဲမှာ ရှိနေတဲ့ကားနဲ့ ကွဲလွဲနေတာများတယ်။ ဥပမာ-ထားပါတော့၊ ကား Grade တွေက မတူကြဘူးလေ။ နိုင်ငံခြားမှာဆို Honda ကပဲ ထုတ်တယ်။ ထုတ်တာက သူ့ Range နဲ့သူ။ Surf ဆို တောထဲစီးဖို့ မြို့တွင်းဆို မြို့တွင်းအချော စီးဖို့ပေါ့နော်။ အဲဒီလိုတွေ မတူကြဘူး။ ဥပမာ-ထားပါတော့ဗျာ။ မြို့တွင်းမှာပဲ မိသားစု သုံးယောက်တည်း စီးမယ်ဆိုတာမျိုးက Surf ဝယ်စီးမယ်ဆို ဘယ်လိုမှ မသင့်တော်ဘူး။ ကိုယ့်ပတ်ဝန်းကျင် အနေအထားနဲ့ သင့်တင့်မျှတတဲ့ ကားမျိုး ရွေးချယ်တာ အကောင်းဆုံးပါ။ 
 
ခိုင်ချယ်ရီထွန်း

  • TAGS