News

POST TYPE

AUTOMOBILE

ရန်ကုန်နှင့် Water Taxi
01-May-2017 tagged as Water Taxi

ရန်ကုန်မြစ်၊ လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲတော့မည် ဖြစ်သည့် Water Taxi နှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ပြည်သူများနဲ့ ယာဉ်လိုင်းပိုင်ရှင်များ၏ ဝေဖန်အကြံပြုချက်များကို စုစည်းဖော်ပြအပ်ပါသည်။

“အရင်လို ကားတိုးစီးနေရတာထက်စာရင် Water Taxi က ပိုပြီးအဆင်ပြေပြေ စီးနိုင်မှာပါ”
ဒေါက်တာမောင်အောင် (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ အတွင်းရေးမှူး)

ကျွန်တော်တို့ Water Taxi တွေကို မေလ တတိယပတ်ထဲမှာ ပြေးဆွဲသွားနိုင်အောင် စီစဉ်နေပါတယ်။ Water Taxi တွေ ပြီးသွားလို့ရှိရင် ရန်ကုန်မြို့နယ် အစွန်ပိုင်းတွေဖြစ်တဲ့ လှိုင်သာယာတို့၊ ရွှေပြည်သာ တို့ဘက်ကနေ မြို့ထဲကို အလုပ်လာလုပ်တဲ့ ဝန်ထမ်းတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။ ဝန်ထမ်းတွေအနေနဲ့ အရင်လို ကားတိုးစီးနေရတာထက်စာရင် Water Taxi က ပိုပြီး အဆင်ပြေပြေ စီးနိုင်မှာပါ။ နောက်တစ်ခုက Water Taxi တွေ ပေါ်လာရင် လက်ရှိအခက်အခဲ ဖြစ်နေတဲ့ ယာဉ်ကြောပိတ်တာ၊ ကားကျပ်တာတွေကို လျှော့ချပြီးသား ဖြစ်သွားမှာပါ။ ဘယ်လောက်အထိ လျော့သွားမယ် ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပေါ့။ Water Taxi တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင်  ကျွန်တော်တို့ဘက်က ကြိုးစားနေပြီး ပြီးသလောက် နီးနီးဖြစ်နေပါပြီ။ ကုမ္ပဏီဘက်နဲ့ ဆွေးနွေးတာတွေ လုပ်ပြီးရင် ဘယ်တော့စမယ်ဆိုတာ လုပ်မှာဖြစ်လို့ ဖွင့်မယ့်ရက်ကို နောက်တစ်ပတ်အတွင်းမှာ အတိအကျ ပြောနိုင်မှာပါ။ လက်ရှိမှာ ကုမ္ပဏီဘက်ကလည်း Water Taxi မှာ ညတာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေကို အသေးစိတ် သင်ကြားပို့ချမှုတွေ ပြုလုပ်နေပြီး ပြီးသလောက်နီးပါး ဖြစ်နေပါပြီ။ ဈေးနှုန်းကို အခုရက်ပိုင်းက သတ်မှတ်နေတုန်းမို့ သေချာမသိရသေးပါဘူး။ တစ်ခုပြောနိုင်တာက အခြေခံလူတန်းစားတွေအတွက် အဓိက ဦးစားပေး စဉ်းစားနေပါတယ်။ လက်ရှိပြေးဆွဲပေးသွားမှာက ဆိပ်ကမ်းခုနစ်ခု။ ရန်ကုန်မြစ်နဲ့ လှိုင်မြစ်။ လှိုင်သာယာကနေ ပန်းဆိုးတန်း ခရီးစဉ်အထိ၊ နောက် ငမိုးရိပ်ချောင်းရယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှ ညောင်တန်း ခရီးစဉ်အထိ ဆိပ်ကမ်း ၁၁ ခုကို လျာထားပြီး ဖြစ်ပါတယ်။    
                                                                      
“ဘယ်လိုစီးရမယ်မှန်း သေချာမသိရသေးပါဘူး”
ကိုသက်မြတ်ဦး (ခရီးသွားပြည်သူ)

Water Taxi က စမယ်ဆိုတာတော့ ကြားထားတယ်။ ဒါပေမဲ့ ဘယ်နေရာတွေမှာ ဆိပ်ကမ်းလုပ်ပေးမယ်၊ ဈေးနှုန်း ဘယ်လောက်ကောက်ခံမယ် ဆိုတာတွေ အသေးစိတ် မသိရသေးတဲ့အတွက် အဆင်မပြေပါဘူး။ တကယ်တမ်းစီးမယ့် သူတွေက ဘယ်နေရာတွေမှာ ရပ်မယ်။ ဘယ်လောက်ကောက်ခံမယ် ဆိုတာကို သိမှသာ စီးရတာ အဆင်ပြေမှာပါ။ လက်ရှိမှာ အဲလိုတွေ တစ်ခုမှ ထုတ်ပြန်ပေးထားတာမျိုး မရှိသေးပါဘူး။ ဖြစ်သင့်တာက အခုလို ရေကြောင်းကနေ ခရီးသည် ပြေးဆွဲမယ်ဆို တစ်လလောက်ကတည်းက ဘယ်လောက်ကောက်ခံမယ်၊ ဘယ်လိုပြေးဆွဲပေးသွားမယ် ဆိုတာမျိုးလောက်တော့ ပြည်သူကို အသိပေးတာမျိုးဖြစ်ဖြစ်၊ သတင်းထုတ်ပြန်ချက် ပေးတာမျိုး ကြိုလုပ်ထားရင် ပိုကောင်းတာပေါ့နော်။ အခုပုံစံက စီးချင်တယ် ဆိုရင်တောင် ဘယ်လိုစီးရမယ်မှန်း သေချာမသိရသေးပါဘူး။ နောက်တစ်ခုက Water Taxi လုပ်မယ် ဆိုရင်လည်း တစ်စီးကို ခရီးသည် ဘယ်လောက်ဆံ့လဲ၊ ဘယ်အချိန်ကနေ ဘယ်အချိန်ကို တစ်စီးပြေးဆွဲပေးသွားမယ် ဆိုတာမျိုးလည်း အခုချိန်အထိ မသိရသေး ပါဘူး။ လက်ရှိမှာ သူတို့ ထုတ်ပြန်ထားတာက Water Taxi ပေါ်မှာ ၀န်ဆောင်မှုပေးမယ့် ဝန်ထမ်းတွေ ခေါ်ယူတယ် ဆိုတာရယ်၊ အဲဒီဝန်ထမ်းတွေကို မီးသတ်ဆေးဘူး ဘယ်လိုဖျန်းရမယ် ဆိုတာကို သင်တန်းပေးနေတာလောက်ပဲ သူတို့ Page မှာ ဖော်ပြပေးထားတာ တွေ့ရသေးတယ်။ တကယ်လိုအပ်တဲ့ အချက်အလက်တွေကို ပြည်သူကို ပေးမသိထားသေးတာမျိုးက သူတို့ဘက်က အားနည်းချက်တွေ ရှိတယ်လို့ မြင်ပါတယ်။

“YBS တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးရာ ရောက်ပါတယ်”
ဦးမောင်မောင်လွင် (YBS ၃၆ ယာဉ်လိုင်း၊  အမှုဆောင်အရာရှိ)

Water Taxi ပြေးဆွဲမယ်ဆိုတဲ့အတွက် ကျွန်တော်တို့ YBS ယာဉ်လိုင်းတွေကို မထိခိုက်နိုင်ပါဘူး။ တခြားနိုင်ငံတွေမှာဆို မြေအောက်မီးရထားတွေ ပြေးဆွဲပေးနေတာမျိုး တွေ့ဖူးပါတယ်။ အဲဒီလို မြေအောက်မီးရထားတွေ မလုပ်ပေးနိုင်သေးတဲ့အတွက် အခုလို Water Taxi တွေ နိုင်ငံတော်က လုပ်ပေးလိုက်တဲ့အတွက် လက်ရှိ ယာဉ်လမ်းမှာ စီးနင်းလိုက်ပါနေတဲ့ ခရီးသည်တွေအတွက် ပိုပြီးသွားရလာရ အဆင်ပြေသွားမှာပါ။ နောက် Water Taxi ဖြစ်တဲ့အတွက် ရေလမ်းကနေ သွားလို့ရတဲ့ ခရီးသည်တွေအတွက် ဥပမာ- ဒဂုံမြောက်ကနေ ပန်းဆိုးတန်းကို သွားချင်တယ်ဆိုရင် ကားလိုမျိုး အချိန်မကုန်ဘဲ ကိုယ်သွားချင်တဲ့ ခရီးကို တိုက်ရိုက်သွားနိုင်မယ်။ လက်ရှိမှာ Water Taxi တွေ ပြေးဆွဲပေးမယ့်အတွက် YBS ကို အသုံးပြု ပြီးသွားလာနေတဲ့ ခရီးသည်ဘယ်လောက် လျော့သွားမလဲ ဆိုတာတော့ သေချာမခန့်မှန်းတတ်သေးဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ Water Taxi ယာဉ်တစ်စီးမှာ ခရီးသည် ဘယ်လောက်ဆံ့တယ်။ ဘယ်နှစီး စတင်ပြေးဆွဲပေးသွားမယ် ဆိုတာတွေ တိတိကျကျ မသိရသေးတဲ့အတွက် ခန့်မှန်းရခက်တယ်။ လက်ရှိမှာ ကုန်းလမ်းခရီးကို အသုံးပြုနေတဲ့ ခရီးသည် စုစုပေါင်း ၂ ဒသမ ၆ သန်း ရှိတဲ့အတွက် Water Taxi ပြေးဆွဲပေးတာဟာ တစ်ဖက်တစ်လမ်းကနေ ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချပေးရာလည်း ရောက်တဲ့အတွက် YBS တွေ ကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးရာ ရောက်ပါတယ်။ YBS ယာဉ်လိုင်းတွေမှာ ခရီးသည်ကျပ်တယ်။ ခရီးသည်နဲ့ကား မမျှတာတွေ အတွက်လည်း လက်ရှိမှာ YBS ယာဉ်တွေ ထပ်မံဝယ်ယူထားတဲ့အတွက် အဆင်ပြေသွားမှာပါ။ Water Taxi တွေ ရှိလာတဲ့အတွက် YBS ယာဉ်လိုင်းတွေအတွက် ပိုပြီးတော့ အဆင်ပြေသွားပါဦးမယ်။

ခိုင်ချယ်ရီထွန်း