News

POST TYPE

AUTOMOBILE

လောင်စာဆီတွေအကြောင်း တစေ့တစောင်း
15-Aug-2016
ကားထဲမှာ ထည့်သုံးနေတဲ့ Octane ဆီဆိုတာ ဘာလဲ။ ၉၂၊ ၉၅ ဆိုတာ ဘာတွေလဲ၊ ပရီမီယမ် ဒီဇယ်ဆီဆိုတာ ဘာတွေလဲ။

Octane ဆိုတာ

တော်တော်များများ ခေါ်ဝေါ် ပြောဆိုနေကြတဲ့ အောက်တိန်းဆိုတာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့က နေလာတဲ့ Hydrocarbon  ဓာတ်ပေါင်းစုတွေထဲက နာမည် တစ်ခုပါ။

အခု ကားတွေမှာထည့်တဲ့ ဓာတ်ဆီတွေကို ဘာကြောင့် အောက်တိန်းဆီလို့ ခေါ်ကြတာလဲဆိုရင် ဓာတ်ဆီ (Gasoline) ရဲ့ အကောင်းဆုံးသော အရည်အသွေး ပြည့်မီ မမီကို အဲဒီဓာတ်ဆီထဲမှာ အောက်တိန်းအရေအတွက် ဘယ်လောက် ပါဝင်သလဲ ဆိုတာနဲ့ တိုင်းတာယူလို့ပါပဲ။ Octane Rating Method လို့လည်းခေါ်သလို Research Octane Number (RON)လို့လည်း ခေါ်ကြပါတယ်။ ကား တော်တော်များများမှာလည်း 92 RON, 95 RON ဆိုပြီး ကပ်ထားတာလည်း မြင်တွေ့နိုင်ပါတယ်။

Octane Number က ကားအင်ဂျင်ရဲ့ စွမ်းအားနဲ့ ဘယ်လို ဆက်နွှယ်နေသလဲ

ဓာတ်ဆီရဲ့ အောက်တိန်း အရည်အသွေး အနိမ့်အမြင့်တွေဟာ ဓာတ်ဆီအင်ဂျင် တစ်ခုရဲ့ Compression Ration (ဖိသိပ်မှုအချိုး) နဲ့ တိုက်ရိုက် ဆက်သွယ်နေပါတယ်။

ဖိသိပ်မှု အားကောင်းတဲ့ အင်ဂျင် တစ်ခုထဲကို အောက်တိန်း နံပါတ်နိမ့်တဲ့(ဒါမှမဟုတ်) ဆီအရည် အသွေးနိမ့်တဲ့ ဓာတ်ဆီ ထည့်လိုက်မိတယ်ဆိုရင် Engine Knocking and Pre-Ignition ဆိုတဲ့ အင်ဂျင်မီးခေါက်တဲ့ ပြဿနာတွေ ကြုံတွေ့လာရပါတယ်။ ဘာကြောင့် ဆီအရည်အသွေး နိမ့်ရင် အင်ဂျင် မီးခေါက်ရသလဲ ဆိုတော့ ဓာတ်ဆီအင်ဂျင်တွေမှာလည်း လေနဲ့ ဆီကို ရောနှောပြီး Piston ကနေ ဖိသိပ်ပြီးမှ ပလပ်ကနေ မီးပွားခတ်ပြီး မီးလောင်ရပါတယ်။ အဲဒီလိုနေရာမှာ အောက်တိန်း အရည်အသွေး နိမ့်တဲ့ဆီကို အသုံးပြုမိလိုက်တယ်ဆို ပလပ်က မီးပွား မခတ်ခင် Piston ကနေ ဖိသိပ်လိုက်တယ်ဆိုရင်ပဲ အရည်အသွေး နိမ့်တဲ့ ဓာတ်ဆီဟာ (Self-Ignition) အလိုအလျောက် သူ့ဘာသာ မီးထလောင်ကျွမ်းပါတယ်။ အဲဒီအတွက် Enginne Timing တွေ အောက်ကုန်ပြီး အင်ဂျင်မီးခေါက်သံတွေ ကြားရပါတယ်။ ကာလ ကြာရှည်လာရင် အင်ဂျင်ကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်စေနိုင်ပါတယ်။

Octane Number မြင့်လေလေ Piston ကနေ ဖိသိပ်တဲ့ Compression Ration (ဖိသိပ်မှုအချိုး)ကို ပိုခံနိုင်လေလေဖြစ်ပြီး ညင်သာ ချောမွေတဲ့ အင်ဂျင်မီးလောင်ပေါက်ကွဲမှုကို ဖြစ်စေပါတယ်။ Research Octane Number (RON) တွေကို တိုင်းတာတဲ့ နေရာမှာ 90 ကနေ 95 RON ပတ်ဝန်းကျင်ကို Regular ပုံမှန် ဓာတ်ဆီလို့ ခေါ်ပြီး 95 RON ကနေစလို့ 96, 97 ကနေ 100 RON တွေကိုတော့ (Premium) ပရီမီယံဓာတ်ဆီလို့ သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ အောက်တိန်း အရည်အသွေး 95 RON တွေကို အများဆုံးရောင်းချနေပြီး အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ 95 အထက် အောက်တိန်း နံပါတ်မြင့်တဲ့ ဆီ အမျိုးအစားတွေကို အသုံးပြုကြပါတယ်။

မှတ်ချက် အနေနဲ့ကတော့ အင်ဂျင်ရဲ့ ဖိသိပ်မှု အရည်အသွေး တစ်နည်း အင်ဂျင်ပါဝါ မြင့်တဲ့ကားတွေမှာ ပရီမီယံအဆင့် အောက်တိန်း နံပါတ်အမြင့် ဓာတ်ဆီတွေကို အသုံးပြုသင့်ပြီး အင်ဂျင်ပါဝါကျနေတဲ့ ကားတွေမှာတော့ အောက်တိန်း နံပါတ်အမြင့် ပရီမီယံဂရိတ်ဓာတ်ဆီကို အသုံးပြုရင်တောင် အကျိုး ကျေးဇူး အနည်းငယ်ပဲ ရရှိမှာ ဖြစ်ပါတယ်။

ပရီမီယံ ဒီဇယ်ဆိုတာ

ဓာတ်ဆီ အရည်အသွေးကို အောက်တိန်း နံပါတ်နဲ့ တိုင်းတာလို့ Octane ဆီဆိုပြီး မြန်မာနိုင်ငံက လူတွေ တော်တော်များများ သိကြပါတယ်။ အဲဒီလိုပဲ ဒီဇယ်ရဲ့ အဆင့် အရည်အသွေးကို တိုင်းတာတဲ့ ယူနစ် (Unit) တစ်ခု ရှိပါတယ်။ အဲဒါကိုတော့ ဆီတိန်းနံပါတ်(Cetane Number) လို့ ခေါ်ပါတယ်။ ဆီဆိုင် တော်တော်များများမှာ ဆီတိန်း နံပါတ်ဆိုပြီး ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒီဇယ်ကိုတော့ အခြေခံအားဖြင့် ဓာတ်ဆီလိုပဲ ဆီတိန်းနံပါတ် ဘယ်လောက် ပါဝင်သလဲဆိုတာနဲ့ တိုင်းတာပြီး ဆီထဲမှာ အခြား Energy ဘယ်လောက်ပါသလဲ၊ စေးပျစ်နှုန်း ဘယ်လောက်ရှိသလဲ၊ ချောဆီအဆင့် ဘယ်လောက်ရှိသလဲ၊ ဆာလဖာ ပါဝင်မှုနှုန်း အနည်းအများ ဘယ်လောက်ရှိသလဲ ဆိုတာတွေပါ တိုင်းတာပြီး ပုံမှန်ဒီဇယ်၊ ပရီမီယံဒီဇယ်ဆိုတဲ့ စံနှုန်းတွေ သတ်မှတ်တာ ဖြစ်ပါတယ်။

အင်ဂျင်အပေါ် ပရီမီယံဒီဇယ်ရဲ့ သက်ရောက်မှုကတော့ အပေါ်က ဓာတ်ဆီအင်ဂျင်မှာ အောက်တိန်း အရည်အသွေး အနိမ့်အမြင့်ပေါ် မူတည်ပြီး သက်ရောက်သလိုပါပဲ။ ပုံမှန်အရည်အသွေး ဒီဇယ်တွေမှာ ဆီတိန်း (Cetane Number) 40-45 လောက်ရှိပြီး၊ 53-55 ကနေပြီး ဆီတိန်းနံပါတ် အမြင့်ဆီတွေကိုတော့ (Premium Diesel) ပရီမီယံ ဂရိတ် ဒီဇယ်ဆိုပြီး စံနှုန်း သတ်မှတ်ထားပါတယ်။

အချုပ်ပြောရရင် ဓာတ်ဆီ အရည်အသွေး အနိမ့်အမြင့်ကို Octane Number နဲ့တိုင်းတာပြီး ဒီဇယ် အရည်အသွေး အနိမ့်အမြင့်ကို Cetane Number နဲ့ တိုင်းတာတာ ဖြစ်ပါတယ်။                               
Source – Prime Auto Technology


  • VIA