News

POST TYPE

AUTOMOBILE

ရန်ကုန်မြို့တွင်း ယာဉ်စီးခ ပြောင်းလဲခြင်း
24-Apr-2017 tagged as YBS

ရန်ကုန်ခရီးသည်တင်ယာဉ်လိုင်း YBS ယာဉ်စီးခ နှုန်းထားများကို ယခင်က မည်သည့်နေရာသို့ စီးစီး ၂၀၀ ကျပ်မှ ဧပြီလ ၇ ရက်နေ့မှ စတင်ကာ ခရီးတိုစီးမည် ဆိုပါက ၁၀၀ ကျပ်သာ ကောက်ခံရန် ပြောင်းလဲလိုက်ခြင်းအပေါ်တွင် ခရီးသွားပြည်သူတို့၏ ဝေဖန်အကြံပြုချက်များနှင့် တာဝန်ရှိသူများ၏ စကားသံများကို စုစည်းတင်ပြအပ်ပါသည်။ 

“သတ်မှတ်ထားတဲ့နှုန်းအတိုင်း ကောက်ခံဖို့ သဘောတူညီမှုတွေနဲ့ အတည်ပြုချက် ရရှိပြီးသားပါ”
ဦးသန်းဝင်း (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ - YRTA တွဲဖက်အတွင်းရေးမှူး)

လက်ရှိပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲမှာ Air-Con မတပ်တဲ့ ယာဉ်လိုင်းတွေကို အပိုင်းသုံးပိုင်း ဒါမှမဟုတ် လေးပိုင်း ပိုင်းခြားသတ်မှတ်ခိုင်းပြီးတော့ တစ်ပိုင်းကို ၁၀၀ ပဲ ကောက်ခိုင်းတယ်။ မှတ်တိုင်အတိုတွေကို (ကျပ်) ၂၀၀ ပေးစီးရတဲ့ ခရီးသည်တွေ နစ်နာမှု ရှိတယ်လို့ ခရီးသည်တွေဘက်က ပြောတာတွေ ရှိပါတယ်။ ဒါကြောင့် ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ ခရီးစဉ်အတိုလေးတွေ ဖြစ်တဲ့ မှတ်တိုင်အတိုတွေကို ၁၀၀ ကောက်ခိုင်းတာပါ။ ယာဉ်လိုင်းတာဝန်ခံတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းတိုင်ပင်ပြီးမှ အစည်းအဝေး ဆုံးဖြတ်ချက်အရ အတည်ပြုလိုက်တာပါ။ ပြောင်းကောက်တဲ့အပေါ်မှာလည်း ခရီးသည်တွေ သေချာသိဖို့ လိုတယ်။ ယာဉ်လိုင်းတစ်လိုင်းက တစ်ပိုင်းကို ၁၀၀ ဆိုရင် ခရီးစဉ်လေးပိုင်း ပိုင်းလိုက်လို့ ကျပ် ၄၀၀ ပေးစီးရမှာမျိုး မဟုတ်ပါဘူး။ ဂိတ်စဂိတ်ဆုံး စီးနင်းရင်လည်း ၂၀၀ သာ ပေးစီးရမှာပါ။ ယာဉ်လိုင်းတာဝန်ခံတွေကိုလည်း သတ်မှတ်ထားတဲ့ နှုန်းအတိုင်း ကောက်ခံဖို့ သဘောတူညီမှုတွေနဲ့ အတည်ပြုချက် ရရှိပြီးသားပါ။ ဒီလိုပြန်ပြီး လျှော့ချပေးလိုက်တဲ့အတွက် နှစ်ဆင့်၊ သုံးဆင့် စီးရတဲ့ ခရီးသည်တွေ၊ မှတ်တိုင်အတိုလေးပဲ စီးရတဲ့ ခရီးသည်တွေအတွက် အဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်။ အများအားဖြင့်တော့ လူတစ်ဦး တစ်ရက်တာ ယာဉ်စီးခနှုန်းထား အရင်ထက် ကုန်ကျတာကို ထိန်းညှိပေးနိုင်ပါတယ်။ နောက်ပိုင်းမှာလည်း YBS နဲ့ ပတ်သက်ပြီး ခရီးသည်တွေရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယာဉ်လုပ်သားတွေ အနေနဲ့ သတ်မှတ်ထားတဲ့ နှုန်းအတိုင်း မကောက်ခံဘူးဆိုရင် ယာဉ်လိုင်းနံပါတ်နဲ့အတူ အသိပေး တိုင်ကြားစေချင်ပါတယ်။ တိုင်ကြားရမယ့် ဖုန်းနံပါတ်တွေကိုလည်း အသိပေးထားပြီးသားပါ။ အစိုးရအဖွဲ့ အနေနဲ့လည်း ထိထိရောက်ရောက် အရေးယူမှာ ဖြစ်ပါတယ်။                                             

“သူတို့ ၂၀၀ တောင်းလည်း ပေးလိုက်ပါတယ်”
စောယုနန္ဒာ (ခရီးသည်)

လက်ရှိမှာ YBS လမ်းတို ယာဉ်စီးခ နှုန်းထားတွေကို အရင် ၂၀၀ ကနေ ၁၀၀ ပြောင်းကောက်ရမယ်လို့ သိထားပေမယ့် သင်္ကြန်အကြိုနေ့က အထိတော့ မပြောင်းသေးပါဘူး။ အရင်ပေးနေကျအတိုင်း ၂၀၀ ပေး စီးနေရတုန်းပါ။ အခုလောလောဆယ်တော့ ဘယ်နေရာကနေ ဘယ်လိုစယူတယ် ဆိုတာ သေချာမသိသေးတဲ့အတွက် သူတို့ ၂၀၀ တောင်းလည်း ပေးလိုက်ပါတယ်။ သေသေချာချာ သိရပြီ ဆိုရင်တော့ ၁၀၀ ပဲ ပေးစီးမှာပါ။ လက်ရှိ YBS နဲ့ အရင် မ.ထ.သ ဘာတွေကွာသွားလဲဆို အရင်ကထက်စာရင် အချိန်လည်း ပိုကုန်သလို ပိုက်ဆံလည်း ပိုကုန်တယ်လို့ မြင်ပါတယ်။ လက်ရှိ YBS မှာ ဘာတွေအဆင်မပြေသလဲဆို လမ်းကြောင်းတွေ ဘယ်လိုမှ အဆင်မပြေဘူး။ အရင်က တစ်ဆင့်တည်းနဲ့ ရောက်တဲ့နေရာတွေကို အခု နှစ်ဆင့်၊ သုံးဆင့် ပြောင်းစီးနေရတာတွေက ဘယ်လိုမှ အဆင်မပြေဘူး။ တက္ကစီပဲ စီးဖြစ်သွားတယ်။ အခုလို မြို့တွင်းလမ်းတို ယာဉ်စီးခကို ၁၀၀ ပြောင်းကောက်မယ် ဆိုရင်တော့ အကုန်အကျ သက်သာတာပေါ့နော်။ ယာဉ်စီးခ နှုန်းထားတွေကို ဘယ်နေရာကနေ ဘယ်သွားရင် ဘယ်လောက်ကျတယ် ဆိုတာ ပြည်သူကို တရားဝင် စာထုတ်လိုက်ရင်တော့ ၁၀၀ ပဲ ပေးမှာပါ။ ထပ်တောင်းတော့လည်း ထပ်ပေးရမှာပေါ့။ ဘာလို့လဲဆိုတော့ သူတို့နဲ့ စကားမများချင်တာလည်း ပါတယ်။ အရင်ကတော့ ယာဉ်စီးခ ကောက်တာတော့ ၂၀၀ ဆိုတော့ ၂၀၀ တန် အထပ်လိုက် ဆောင်ထားတယ်။ လမ်းက ပတ်မောင်းတာရယ် ကိုယ်သွားချင်တဲ့နေရာ အတည်တကျ မရောက်တာရယ် ဆိုတော့ ဘယ်သွားသွား ၂၀၀ ဆိုတာကြီးက အတော်လေးစရိတ် ကုန်တယ်။ ညီမမောင်ဆို အရင်က မုန့်ဖိုး ၃၀၀၀ ဆို ကျောင်းရောက်တယ်။ ကျောင်းမှာ မုန့်စား ကားစီးပြန်ရင်လည်း ကားခက အသွားအပြန်မှ ၄၀၀ ပဲ ကျတာကိုး။ ခုတော့ ကားခက နှစ်ဆ၊ သုံးဆဆိုတော့ သူတို့လည်း အဆင်မပြေဘူး။ မြို့တွင်း ၁၀၀ ပဲ ပေးရမယ် ဆိုရင်တော့ ကျောင်းသားတွေ အတွက်ရော၊ ဈေးသည်တွေ အတွက်ပါ ခရီးစရိတ် သက်သာသွားမယ်လို့ မြင်ပါတယ်။                                          

“ခရီးသွားပြည်သူတွေ အတွက်တော့ အရင်အတိုင်းပါပဲ”
ဒေါ်ဆုပြည့်အောင်  (ခရီးသည်)

YBS ကားတွေမှာ ယာဉ်စီးခ ငွေ ၂၀၀ ထက် ပိုမိုကောက်ခံတာမျိုး ကြုံဖူးပါတယ်။ အခုသတ်မှတ်လိုက်တဲ့ ၂၀၀ ကနေ ၁၀၀ ဆိုတဲ့ကား မစီးဖူးသေးပါဘူး။ ၁၀၀ ကောက်တဲ့ကားပဲဖြစ်ဖြစ်၊ ၂၀၀ ကောက်တဲ့ကားပဲဖြစ်ဖြစ် ခေါင်းခန်းဆို ၅၀၀ ကောက်နေကြတုန်းပါပဲ။ ၂၀၀ တန် ကားဆိုပြီး ခေါင်းခန်းမို့ ၅၀၀ ပေးရတာဆိုတော့ YBS ပြောင်းလည်း အရင်ပုံစံမျိုးနဲ့ အတူတူပါပဲ။ ညီမ အမြဲစီးနေတဲ့ ၂၊ ၃၊ ၄ တွေဆို ခုထိ ၂၀၀ ပဲ။ ၂၀၀ ကနေ ၁၀၀ ပြောင်းကောက်မယ် ဆိုရင်လည်း ဘယ်နေရာကနေ ဘယ်အထိကို ၁၀၀ ကျတယ်ဆိုတာ ကားတွေမှာ စာကပ်ပေးတာ ကောင်းပါတယ်။ သတ်မှတ်ထားတဲ့ နှုန်းထားထက် ပိုကောက်တဲ့ ယာဉ်လိုင်းတွေကိုလည်း တိုင်ကြားလို့ရမယ့် ဖုန်းနံပါတ် ကပ်ပေးထားတာမျိုး၊ နောက် ခရီးသည်က တိုင်တဲ့အခါမှာလည်း ထိထိရောက်ရောက် အရေးယူပေးတာမျိုးတွေ လုပ်စေချင်ပါတယ်။ နောက်တစ်ခုက မှတ်တိုင်တွေမှာ အကြာကြီးရပ်တာ၊ ခရီးသည်တွေ လုယက်တင်တာ၊ သတ်မှတ်ထားတဲ့ ကားခထက် ပိုမိုကောက်ခံတာ၊ ကားပြိုင်မောင်းတာ၊ စပယ်ယာတွေ ခရီးသည်ကို ရိုင်းပျစွာ ဆက်ဆံတာတွေလည်း အရင်အတိုင်း ဖြစ်နေတုန်းပါပဲ။ ဒီလိုဖြစ်နေတာကို ပြည်သူတွေ အများစုက မတိုင်ကြပါဘူး။ အရင်တုန်းတည်းက ဖြစ်နေတာမို့ မထူးစိတ်ပိုက်ပြီး မတိုင်ကြတာပါ။ နောက်တစ်ခုက ဘယ်ကိုတိုင်ရမှန်း မသိတာနဲ့ မတိုင်ကြတာပါ။ တချို့ကလည်း တိုင်သာတိုင်လိုက်တယ်။ ရလဒ်ထူးထူးခြားခြား မပြောင်းလဲတာမို့ မတိုင်ကြတာပါ။ အခုလိုမျိုး YBS ပြောင်းလဲပြီးမှ စည်းကမ်းမလိုက်နာတဲ့ ယာဉ်လိုင်းတွေ၊ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေကို ကျွန်မတို့ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူဆီ ထိထိရောက်ရောက် တိုင်ကြားသင့်ပါတယ်။ တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ အများက ဝိုင်းဝန်းပြီး တိုင်ကြားသင့်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့လည်း ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်။ ဒါမှ YBS စနစ်က အမှန်တကယ် ပြောင်းလဲမှာပါ။ အခုအထိကတော့ YBS စနစ်ပြောင်းသာ ပြောင်းတယ်။ ကျွန်မတို့ ခရီးသွားပြည်သူတွေ အတွက်တော့ အရင်အတိုင်းပါပဲ။                     

ခိုင်ချယ်ရီထွန်း