POST TYPE

AUTOMOBILE

စက်သုံးဆီ အရေးကြီးသလား
02-Apr-2017 tagged as စက်သုံးဆီ

ဆီမသန့်ခြင်းကြောင့် ဖြစ်တတ်သော ပြဿနာများ

၁။ စက်သုံးဆီ မသန့်ရင် တန်ဖိုးကြီးကားရော၊ တန်ဖိုးနည်းကားရော ဘာကားပဲဖြစ်ဖြစ် ပလပ်တွေ ပျက်တတ်တယ်။ ခွဲပြောရမယ်ဆိုရင် ဓာတ်ဆီ၊ ဒီဇယ်ဆီသုံးတဲ့ ကားတွေမှာ Catalytic Converter (ကျောက်ဆန်ခါ) ပျက်မယ်။ ဆီမသန့်လို့ ကျောက်ဆန်ခါပိတ်ရင် ကားမီးလောင်တဲ့အထိ ဖြစ်တတ်ပါတယ်။

၂။ ပလပ်တွေ မကြာခဏလဲရမယ်။

၃။ (Knocking) မီးသံခေါက် (လီဗာနင်းရင် ဂေါက်ဂေါက်နဲ့ ထွက်တဲ့အသံ) ပြီး ကားအဆွဲ အရုန်းကျမယ်။

၎။ Diesel Pump, Injector Nozzle တွေ မကြာခဏပျက်မယ်။ လဲရမယ်။

၅။ Oxygen Sensor တွေ ပျက်မယ်။

၆။ Gasoline Fuel Pump, High Pressure Pump (GDI Pump) တွေ ပျက်မယ်။

၇။ ဆီတိုင်ကီထဲ သံချေးတက်ပြီး ဆီစစ်တွေ ပိတ်တတ်တယ်။ ဆီတိုင်ကီတွေပေါက်ပြီး ဆီတိုင်ကီလဲရမယ်။ အဲဒီဆီတိုင်ကီကို ပြန်သုံးရင် အနည်းဆုံး တစ်လ၊ နှစ်လပဲ။

၈။ EFI Injector တွေလည်း မကြာခဏ ဆေးကြောရလေ့ ရှိတယ်။

၆၀ ရာခိုင်နှုန်း

ကားဝပ်ရှော့ကို ဆီမသန့်လို့ လာပြင်တဲ့ကားက ၆၀ ရာခိုင်နှုန်း ရှိတယ်။ ကိုယ်တိုင်လည်း ကြုံတယ်။  ဆီမသန့်လို့ပဲ။ ဆီမသန့်လို့ ဆီစစ်တွေ၊ ပလပ်တွေ မကြာခဏ လဲပေးရပါတယ်။

ကီလိုမီတာ တစ်သိန်း 

Genuine Part ပလပ်တွေက တစ်စုံကို ကီလိုမီတာတစ်သိန်း မောင်းနိုင်တယ်။ သူကသက်တမ်းနဲ့  မဟုတ်ဘူး။ မောင်းနိုင်တဲ့ အားနဲ့တွက်တာ။ အရင်တုန်းက Denso တံဆိပ်ပလပ်တွေ ရောင်းတယ်။  အာမခံနဲ့ ရောင်းတာ။ ပလပ်တစ်စုံကို အာမခံအနေနဲ့ ကီလိုမီတာ တစ်သိန်းမောင်းနိုင်တယ်။ နောက်  ဆီမသန့်လို့ ပလပ်တွေ ခဏခဏပျက်တော့ အာမခံနဲ့ ရောင်းတာကို မရောင်းနိုင်တော့ဘူး။ ဆီသန့်ရင်   ပလပ်တွေကောင်းလို့ ကီလိုမီတာ တစ်သိန်းကနေ တစ်သိန်းခွဲအထိ မောင်းနိုင်တယ်။ ဆီမသန့်ရင်  တစ်လခွဲ - နှစ်လဆို ပလပ်တွေပျက်ချင်ပြီး ကားအဆွဲအရုန်းကျနေပြီ။ မီးသံခေါက်နေပြီ။ ၂၀၁၄ လောက်က ဆီအနီတွေ ရောင်းတုန်းကဆို တက္ကစီတွေဟာ ပလပ်ကို တစ်လခွဲထက် ပိုသုံးမရပါဘူး။

၉၂ အောက်တိန်း ပြည့်၊ မပြည့် 

အခုဆီက ၉၂ အောက်တိန်း ဆိုပေမယ့် ၉၂ အပြည့်ရှိတဲ့ဆီက မရှိသလောက် ရှားပါတယ်။ ဆီအရည်အသွေး ညံ့ဖျင်းလွန်းတဲ့ ဆီတွေသုံးရင် ပလပ်တွေက တစ်လ၊ တစ်လခွဲလောက်ဆိုရင်  ကားအဆွဲအရုန်းကျပြီး မီးသံခေါက်ပါတယ်။ 

ချက်ဆီထွက်တဲ့ နယ်ကဆိုင်တွေမှာဆိုရင် ဆီအရည်အသွေး ပိုညံ့ကျတာ များပါတယ်။ အဲဒီကကားတွေ ဒီ (ရန်ကုန်) ရောက်ရင် အဆင်မပြေဘူး။ အကုန်လဲရတယ်။ ဆိုင်တွေမှာ ဆီရောချင်ရင် ပိုင်ရှင်မသိဘဲ ရောလို့မရဘူး။ ပုံမှန်ဆိုင်က ဆီကို ဘာနဲ့မှမရောဘဲ ရောင်းရင် ဆီဂါလန်တစ်သိန်း ကုန်ချိန်မှာ ကုန်ကျစရိတ်တွေ နုတ်ပြီး အမြတ်ငွေ တစ်သိန်းပဲကျန်တဲ့အခါ ရှိမယ်။ ဆီလီတာလျှော့မယ် ဆိုရင်လည်း ပိုင်ရှင်မသိဘဲ (Passwords မသိလို့) လျှော့လို့မရဘူး။ ပိုင်ရှင်သိမှ ရတယ်။ ဝန်ထမ်းကလုပ်လို့မရဘူး။ အထက်မင်းလှ မန်းသံပုရာချက်ဆီစက်ရုံ၊ သန်လျင်ရေနံချက်စက်ရုံ၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ချောက်၊ မင်းဘူး၊ မကွေးမှာချက်တဲ့ ချက်ဆီတွေကို ဘယ်နေရာမှာမှ မသုံးဘူး။ ပြည်ပပို့တာလည်း မရှိဘူး။ မြန်မာပြည်တွင်းမှာပဲ ပျောက်သွားတာ။ ချက်ဆီတွေ ဘယ်မှာသုံးနေတာလဲ ဆိုတာ အသိသာကြီး။ ဆီတွေကို ရောပြီးသုံးလာတာ ဒီဘက်ခေတ်ကျမှ သုံးတာ။ ၂၀၁၀ နောက်ပိုင်း အောက်တိန်းတွေ စပေါ်တဲ့ အချိန်လောက်မှာ သုံးလာတာ။

ကိုတိုး (WK Auto Mechanic Service) ကို မေးမြန်းရေးသားထားပါသည်။