News

POST TYPE

AUTOMOBILE

သင်္ကြန်ကာလနှင့် ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်
27-Mar-2017 tagged as Taxi

မြန်မာနှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်များအတွင်း ရန်ကုန်မြို့တွင်း သွားလာမည့် ခရီးသည်များအတွက် လိုင်းကားရှားပါးခြင်း၊ အငှားယာဉ် ရှားပါးခြင်းတို့ကြောင့် အခက်အခဲဖြစ်လေ့ရှိသည့် အတွက် အမြင်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။

“ကားငှားရတာ အခက်အခဲလေးတွေရှိလို့ သင်္ကြန်တွင်းမှာ YBS တွေကို အချိန်မှန် ပြေးဆွဲပေးစေချင်ပါတယ်”
ဒေါ်ငြိမ်းဆက်သာ (ခရီးသည်)

သင်္ကြန်တွင်းမှာ ကားခတွေကတော့ သာမန်နေ့တွေထက်စာရင် ပြည်လမ်းကားပိတ်တာ အကြောင်းပြပြီး ပိုပြီးတောင်းကြတာ များတယ်။ သာမန်အချိန်ဆို နှစ်ထောင်လောက်ပဲ ပေးရတဲ့ ခရီးကို သုံးထောင့်ငါးရာလောက် ပေးရတယ်။ ဒါပေမဲ့ သင်္ကြန်တွင်းမှာ တက္ကစီတွေ တော်တော်များများ နားကြတော့ သူတို့တောင်းတဲ့ဈေး ပေးရတာပဲ။ အဓိကကတော့ အငှားကားတွေလည်း ရှားတဲ့အချိန် သင်္ကြန်တွင်းမှာ YBS တွေကို ပုံမှန်ပြေးဆွဲပေးစေချင်တယ်။ ညီမဆို ထောက်ကြန့်ကနေ သင်္ကြန်ဆို မြို့ထဲမှာ မဏ္ဍပ်ထိုင်တယ်။ အပြန်ကျ ထောက်ကြန့်အထိ ပြန်ရတာဆိုတော့ တက္ကစီ စီးချင်ပါတယ်ဆိုတောင် အဲလောက်အထိ အဝေးကြီးမို့ မလိုက်ကြဘူး။ လိုင်းကားဆိုတာမျိုးကလည်း ညနေဆို လုံးဝ မတွေ့ရတော့ဘူး။ အဲလိုဆိုတော့ အပြန်ကျ ဒုက္ခရောက်ရတယ်။ နောက် မဏ္ဍပ်တွေနားမှာ တက္ကစီတွေ မလာတဲ့အတွက် တက္ကစီရှိမယ်ထင်တဲ့ နေရာအထိ လမ်းလျှောက်ရတယ်။ မနှစ်ကဆို ကန်တော်ကြီးပတ်လမ်းမှာ ရေကစားတယ်။ အပြန်ကျ တစ်လမ်းလုံးက မဏ္ဍပ်တွေချည်းပဲ ဆိုတော့ တက္ကစီတွေလည်း တစ်စီးမှ မလာဘူး။ သူငယ်ချင်း တစ်ယောက်ဆို ကားငှားမရလို့ အိမ်အထိ လမ်းလျှောက်ပြန်ရတာမျိုးတောင် ရှိတယ်။ အဲလိုတွေ ကားငှားရတာ အခက်အခဲလေးတွေရှိလို့ သင်္ကြန်တွင်းမှာ YBS တွေကို အချိန်မှန် ပြေးဆွဲပေးစေချင်ပါတယ်။                                      

“လမ်းအရမ်းပိတ်တာ ဆိုတော့ ကိုယ့်အတွက် အုံနာကြေး၊ ဆီဖိုး ဘာမှမကျန်ဘူး”
ဦးကြည်လွင် (အငှားယာဉ်မောင်း)

သင်္ကြန်တွင်းမှာတော့ ကျွန်တော့်အနေနဲ့ နားဖို့ စဉ်းစားထားပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်တွေက သင်္ကြန်တွင်း ကားဆွဲဖူးတဲ့ အတွေ့အကြုံတွေအရ သင်္ကြန်တွင်းဆို ကားငှား မလိုက်တော့တာပါ။ ကျွန်တော်ကြုံဖူးတဲ့ အတွေ့အကြုံအရဆို သင်္ကြန်တွင်း ကားငှားရင် တစ်ယောက်တည်း ငှားတယ် ဆိုတာထက် အုပ်စုလိုက်စုပြီး ငှားကြတာများတယ်။ သင်္ကြန်တွင်း ဆိုတော့ သိတဲ့အတိုင်းပဲ မူးနေတာက များတယ်။ ကားငှားပြီး ပိုက်ဆံမပေးဘဲ ထွက်ပြေးကြတာမျိုး၊ နောက် ကိုယ်က ရှေ့မှာကားပိတ်နေလို့ ကားကို ဂရုစိုက်မောင်းနေတဲ့အချိန် ကားမှန်ကိုချပြီး အပြင်ကို ရေလှမ်းပက်တာမျိုးတွေ၊ အပြင်ကရေတွေ အထဲဝင်လာတာမျိုးတွေကျ စိတ်ညစ်ရတယ်။ သင်္ကြန်တွင်း ဆိုတော့လည်း ပြောလို့က မရပြန်ဘူး။ နောက် သောက်စားမူးယစ်နေတဲ့ သူတွေကို ထိန်းရတာ ပိုဆိုးတယ်။ နောက်အချက်က လမ်းအရမ်းပိတ်တာ ဆိုတော့ ကိုယ့်အတွက် အုံနာကြေး၊ ဆီဖိုး ဘာမှမကျန်ဘူး။ ကိုယ်ရမှာနဲ့ ပြန်ပေးဆပ်ရမှာက မကာမိဘူး။ နောက်ပိုင်း သင်္ကြန်တွင်းလည်တဲ့ သူတွေဆို ကိုယ်ပိုင်ကားနဲ့လည်တဲ့ သူကလည်၊ ကားမရှိတဲ့ သူတွေကျ အသိကားတွေနဲ့ချိတ်ပြီး ကားတွေ အပြတ်ငှားထားကြတာ များတယ်။ အဲဒီတော့ တက္ကစီတွေ သိပ်မငှားကြဘူး။ သင်္ကြန်တွင်းဆို အုံနာကြေး ပေးထားရတဲ့ သူတွေကျတော့ မနက်ပိုင်းလောက် အုံနာကြေး ရရုံလောက်ဆွဲပြီး နားကြတာ များတယ်။ သင်္ကြန် တွင်းကတော့ ကားသမားတော်တော်များများ နားကြတဲ့အတွက် ခရီးသည်တွေအတွက် ကားငှားမရတဲ့ အခက်အခဲမျိုးလေးတော့ ရှိတာပေါ့။ ကျွန်တော်တို့ကျတော့လည်း ဒီသင်္ကြန်ရက်လေးပဲ မိသားစုအတွက် အချိန်ပေးပြီး ခရီးလေး ဘာလေးထွက်တာတို့ အိမ်မှာပဲ နားနားနေနေ နေမယ်လို့ စိတ်ကူးထားပါတယ်။     

“ရေကစားနေတဲ့ သူတွေဆီကနေ ခဲတွေပါလာပြီး ကားမှန်ကွဲသွားရင် ရတဲ့ကားခနဲ့ ပြင်ရမယ့်တန်ဖိုးက ပိုကြီးနေတယ်”
ဦးကျော်ဦးနိုင် (အငှားယာဉ်မောင်း)

သင်္ကြန်တွင်းမှာ တက္ကစီမောင်းတာ နားမှာပါ။ ဘာလို့လဲဆိုတော့ သင်္ကြန်တွင်း ကားမောင်းရတာ ကိုယ့်ကား အရမ်းနာလို့ပါ။ သင်္ကြန်တွင်း ဖြစ်တဲ့အတွက် မဏ္ဍပ်တွေ ရှောင်မောင်းရတာရယ်၊ နောက် အဓိကကတော့ လမ်းမပေါ်မှာ ရေကစားနေတဲ့ သူတွေဆီကနေ ခဲတွေပါလာပြီး ကားမှန်ကွဲသွားရင် ရတဲ့ကားခနဲ့ ပြင်ရမယ့်တန်ဖိုးက ပိုကြီးနေတယ်။ နောက်တစ်ခုက လမ်းတွေ အရမ်းပိတ်တာ။ မဏ္ဍပ်တွေနားအထိ လူသွားခေါ်တာ ရှားတယ်။ ဘာလို့လဲဆိုတော့ မဏ္ဍပ်နား သွားလို့ကတော့ ပြန်ထွက်ဖို့ အချိန်တော်တော်ကုန်တယ်။ စိတ်ရှုပ်ရတယ်။ ခရီးသည်က မြို့ထဲကနေ ရပ်ကွက်ထဲသွားမယ် ဆိုလည်း လမ်းပေါ်မှာ ရေပက်နေတဲ့ ကလေးတွေရှိမယ်။ သူတို့က ရေပက်ချင်ဇောပဲ ရှိတာ။ ပတ်ဝန်းကျင်ကို သိပ်ထည့်မတွက်တော့ ရုတ်တရက် ရေပက်ချင်ဇောနဲ့ အတင်းတိုးဝင်လာတာတဲ့အခါ မတော်တဆ ကားနဲ့ထိသွားမှာတို့လည်း ကြည့်ရသေးတယ်။ ကားတင်သွင်းခွင့်ရပြီးတဲ့ နောက်ပိုင်းကစပြီး မြို့တွင်းမှာ ကားတွေ အရမ်းပိတ်လာတယ်။ သင်္ကြန်လို ရက်မျိုးမှာ တက္ကစီဆွဲရင် သာမန်နေ့တွေထက် ပိုပြီး ပိုက်ဆံရတာ မှန်ပေမယ့် အဲလိုအချိန်တွေက ကိုယ့်အတွက် ကားပိတ်တာရယ် ကားတစ်ခုခုဖြစ်ရင် ကုန်ကျမယ့် စရိတ်တွေ တွက်လိုက်ရင် ဘာမှမကျန်ဘူး။ နောက် နှစ်ဆန်းတစ်ရက်လို နေ့မျိုးတွေမှာဆို ဘုရားသွားကြတယ်။ အဲလိုနေ့တွေဆို ပိုဆိုးတယ်။ ရှိသမျှ လူအကုန်လုံးက ဘုရားပဲ အဓိကသွားကြတာ ဆိုတော့ ကားလမ်းက ပိတ်ကုန်ရော။ ကားမောင်းတာ မကြာပေမယ့် ကားပိတ်တဲ့ဒဏ်ကို မခံနိုင်ဘူး။ အဲလိုဆိုတော့ ဘုရားသွားမယ်ဆို မလိုက်ဖြစ်တော့တာ များတယ်။ အဲလိုတွေကျတော့ သင်္ကြန်တွင်းမှာ တက္ကစီဆွဲတယ် ဆိုတာ ကားမောင်းသက်တမ်းရင့်ပြီး အတွေ့အကြုံ ရှိဖူးပြီးသွားတဲ့ ယာဉ်မောင်းတွေကျ သင်္ကြန်ဆို နားကြတာ များတယ်။ သင်္ကြန်တွင်း ထွက်ဆွဲတဲ့ကား ဆိုတာကလည်း အတွေ့အကြုံ နုသေးတဲ့ ကားမောင်းသမားတွေရယ်။ အုံနာဆီကနေ လချင်းငှားတဲ့ ကားသမားတွေရယ်လောက်ပဲ သင်္ကြန်တွင်းမှာ ကားထွက်ဆွဲကြတာ များတယ်။

ခိုင်ချယ်ရီထွန်း