News

POST TYPE

AUTOMOBILE

မော်ဒယ်လ်နှင့် သရုပ်ဆောင် Zell နှင့် တွေ့ဆုံခြင်း
20-Mar-2017 tagged as


ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍအတွက် မော်ဒယ်လ်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Zell နဲ့တွေ့ဆုံပြီး သူကြိုက်နှစ်သက်တဲ့ ကားအမျိုးအစားနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာတွေကို မေးမြန်းဖြစ်ခဲ့တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : အခု ဘာကားအမျိုးအစားလေး စီးနေလဲ။
Zell : Toyota Land Cruiser 2003 စီးနေပါတယ်။ 

Voice : ကိုယ်တိုင်ပဲ မောင်းတာလား။
Zell : ကားကို ကိုယ်တိုင်ပဲ မောင်းရတာ ကြိုက်တယ်။ ခရီးသွားလည်း ကျွန်တော်ကိုယ်တိုင်ပဲ မောင်းတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘာသာ ကိုယ်ပဲ ယုံတယ်။ သူများကို သိပ်မယုံဘူး။ 

Voice : အရင်ကရော ဘယ်လိုကားအမျိုးအစား တွေ စီးခဲ့ဖူးလဲ။ 
Zell : အရင်ကတော့ ကျွန်တော် BMW တို့၊ Rav4 တို့ စီးဖူးပါတယ်။ 

Voice : အရင်ကားတွေနဲ့ အခုလက်ရှိ စီးနေတဲ့ ကားကရော ဘယ်လို ကွာခြားချက်တွေရှိလဲ။ 
Zell : ဘာတွေ ကွာခြားလဲဆိုတော့ ကျွန်တော်က Europe ကားကြိုက်တာ။ ဂျပန်ကားကတော့ ဒီနိုင်ငံမှာ အကောင်းဆုံးပေါ့နော်။ အဓိကကတော့ ပြင်ဆင်စရိတ်တွေ ဘာတွေလည်း သက်သာတယ်။ ဂျပန်ကားက ပစ္စည်းတွေ ဘာတွေလည်း ပေါတယ်။ ဟိုကားတွေကျ တစ်ခုခုဖြစ်ရင် အရမ်း ခေါင်းစားတယ်။ အဲလိုမျိုးလေးတွေ ရှိတယ်။ ဒါပေမဲ့ တကယ့်တကယ်ကြိုက်တာကျတော့ BMW လေးတွေ ပိုကြိုက်တယ်။ 

Voice : နောက်ထပ် ဘာကားအမျိုးအစားတွေကို လဲစီးချင်လဲ။ 
Zell : ကြိုက်တာကတော့ Europe ကားပဲ သဘောကျပေမယ့် နောက်ပိုင်း ကားလဲမယ်ဆိုရင်တော့ ဂျပန်ကားပဲ လဲဖြစ်တော့မယ်။ 

Voice : နောက်တစ်ခုက အနုပညာရှင် တစ်ယောက်အနေနဲ့ ကားတစ်စီးက ဘယ်လောက်အထိ အရေးပါတယ်လို့မြင်လဲ။ 
Zell : အနုပညာရှင် တစ်ယောက်အနေနဲ့တော့ ကားတစ်စီးရဲ့ အသုံးဝင်မှုက တော်တော်ကို အရေးပါပါတယ်။ ခရီးတွေ ဘာတွေ သွားလာတဲ့အခါတွေ၊ နောက်တစ်ခုက ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်းတွေ သယ်တဲ့အခါတွေမှာလည်း အတော်လေးကို အသုံးဝင်ပါတယ်။ 

Voice : ကားမောင်းရတာ အရင်ကထက် ယာဉ်ကြောတွေ ပိုချောင်လာတယ်လို့ ခံစားရလား။
Zell : ကားတွေကတော့ ခုချိန်ထိ ကျပ်ဆဲပဲဗျ။ ဘာလို့လဲဆိုတော့ ကားတွေက အရမ်း များလာတယ်။ မိန်းလမ်းတွေက နည်းပြီး ကားတွေက များလာတဲ့အတွက် ဒီလမ်းတွေကိုပဲ အကုန်လုံးက အသုံးပြုနေရတာကြောင့် ကားတွေကတော့ ကျပ်နေသေးတော့ တစ်နေရာနဲ့တစ်နေရာကို အချိန်ယူပြီးတော့ သွားနေရသေးတာပဲ။

Voice : အခု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအပေါ် ယာဉ်မောင်းတွေ လိုက်နာမှုအပေါ် ဘယ်လိုမြင်လဲ။
Zell : အရင်ကထက် စာရင်တော့ နည်းနည်း ပိုကောင်းလာပါတယ်။ တစ်လောက YBS တွေ လုပ်လိုက်ပြီး နောက်ပိုင်း လိုင်းကားယာဉ်မောင်းတွေ စည်းကမ်းပို လိုက်နာကြတယ်လို့ မြင်ပါတယ်။ စည်းကမ်းပိုင်းကတော့ ကောင်းပါတယ်။ Traffic ပိုင်းပဲ ပြောစရာရှိတာ။ 

Voice : ပြည်ပနဲ့ ပြည်တွင်းမှာရော ကားမောင်းတဲ့အခါ ဘယ်လို ကွာခြားမှုတွေရှိလဲ။
Zell : ပြည်တွင်းမှာရော ပြည်ပမှာပါ ကားတွေက Traffic (Jam) ဖြစ်ကြတာချည်းပါပဲ။ ဥပမာ- ဘန်ကောက်လိုမျိုးပေါ့။ ဒါပေမဲ့ သူတို့ဆီမှာကျ Sky Train(မိုးပျံရထား)တွေ ရှိတယ်။ အဲလိုကျတော့ တော်ရုံလူတွေကျ ကားမစီးကြတော့ဘူး။ နောက် Transportation မှာကျ သူတို့ဆီမှာ ကားတင်မကဘူး။ တခြားယာဉ်တွေ အများကြီး ရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာကျ ကားတစ်မျိုးပဲ ရှိတယ်။ ရထားကို အဲဒီလောက် မသုံးကြဘူး။ လူတွေ အကုန်လုံးက Transportation မှာ ကားချည်းပဲ သုံးနေတော့ ပြုံကျပ်ကုန်တာ။ တကယ်လို့သာ Sky Train တွေ ဘာတွေရှိမယ်ဆိုရင် တအား ချောင်သွားနိုင်တယ်။ 

Voice : ကားနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကို ဘယ်လို အကြံပေးချင်လဲ။ 
Zell : ကျွန်တော့် Type ကတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း မတူနိုင်ပါဘူး။ တချို့ကျတော့လည်း Saloon Type ကိုကြိုက်တယ်။ ကျွန်တော်ကျ ကားအကြီးကြီးတွေကို ကြိုက်တာ။ မြို့ထဲလောက် ဘာလောက်ပဲ မောင်းမယ်ဆိုရင်တော့ ဆီစားသက်သာတဲ့ကားမျိုး ရွေးဝယ်တာ ကောင်းပါတယ်။ 

ခိုင်ချယ်ရီထွန်း

  • TAGS