News

POST TYPE

AUTOMOBILE

သင်္ကြန်ပိတ်ရက်နှင့် အဝေးပြေးယာဉ်လက်မှတ်
20-Mar-2017 tagged as ကား

နှစ်စဉ်ကြုံတွေ့နေကျ ဖြစ်တဲ့ မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်မှာ နယ်ပြန်တဲ့သူတွေ ကြုံရလေ့ရှိတဲ့ အဝေးပြေးယာဉ်လက်မှတ် အခက်အခဲတွေ့ရခြင်းတွေနဲ့ ပတ်သက်ပြီး အမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

“ဝန်ထမ်းတွေအတွက် ကားတစ်စီးကို ခုံ ၁၈ ခုံ ချန်ပေးထားရမယ်ဆိုပြီး ညွှန်ကြားထားတာမျိုးတွေ ရှိတယ်”
ဒေါ်ခိုင် (ဇေယျာရွှေမြေ အဝေးပြေး ယာဉ်လိုင်းပိုင်ရှင်)

သင်္ကြန်တွင်းမှာ ကားလက်မှတ်တွေနဲ့ ပတ်သက်ပြီး ခရီးသည်တွေကို အဆင်ပြေပြေ ဝယ်ယူလို့ ရနိုင်အောင် အတတ်နိုင်ဆုံး ဝန်ဆောင်မှု ပေးသွားမှာပါ။ လက်မှတ်တွေကို ဧပြီ ၁ ရက်နေ့မှာ ကတည်းက ကြိုတင်ပြီး ဦးရာလူစနစ်နဲ့ လာရောက်ဝယ်ယူနိုင်ပါတယ်။ သင်္ကြန်တွင်းလို အခါကြီး၊ ရက်ကြီးတွေဆို ကားဝင်းထဲမှာလည်း မှောင်ခိုဈေးကွက် ဝယ်ရောင်းလုပ်တဲ့သူ ရှိနေတဲ့အတွက် အစ်မတို့ဘက်က နေပြီးတော့ ခရီးသည်ကို စိစစ်ပြီး ရောင်းချပေးသွားဖို့လည်း စီစဉ်ထားပါတယ်။ လက်မှတ်ရောင်းပေးတဲ့အခါ အစ်မတို့ဘက်က ခရီးသည် အဆင်ပြေအောင် အတတ်နိုင်ဆုံး လုပ်ပေးပေမယ့် တစ်နေ့ကလုပ်တဲ့ အစည်းအဝေးမှာ ဝန်ထမ်းတွေအတွက် ကားတစ်စီးကို ခုံ ၁၈ ခုံ ချန်ပေးထားရမယ်ဆိုပြီး ညွှန်ကြားထားတာမျိုးတွေ ရှိတယ်။ အဲလိုမျိုးကျ အရင်စနစ် မပျောက်ဘဲ ဝိတ် (အာဏာ) သုံးတယ်လို့ ခံစားရပါတယ်။ အဲလိုမျိုးတွေ လုပ်ခိုင်းတာတော့ သဘောမကျပါဘူး။ တကယ်လို့ ကားလက်မှတ် အခက်အခဲ ဖြစ်နေတဲ့ ခရီးသည်တွေကိုလည်း အစ်မတို့နဲ့ ရင်းနှီးတဲ့ ယာဉ်လိုင်းတွေနဲ့ ချိတ်ဆက်ပြီး အန်စာတုံးယာဉ်လို ကားမျိုးတွေလည်း စီစဉ်ပေးသွားဖို့အထိ တွက်ထားပါတယ်။ လတ်တလောမှာ ကားလက်မှတ်တွေ ဈေးတက်မယ် ဆိုတာကလည်း အစ်မတို့အနေနဲ့ ဆီဖိုးမကိုက်တာတွေကြောင့် လက်မှတ်တစ်စောင်ကို အရင် ၁၀၈၀၀ ရောင်းနေတာကနေ ၁၂၀၀၀ လောက် တက်သွားဖို့ ရှိပါတယ်။ လက်မှတ်တစ်စောင်ကို ၁၂၀၀၀ လောက်တက်တာက ခရီးသည်တွေ အတွက်လည်း အများကြီး ဈေးမြင့်သွားတာမျိုး မဟုတ်လောက်တဲ့ အနေအထား နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် ဈေးနှုန်းကို ညှိပေးထားတာကြောင့် အရမ်းတော့ မများလောက်ပါဘူး။ ဒါကိုလည်း ခရီးသည် တွေဘက်က နားလည်ပေးစေချင်ပါတယ်။                

“ဘွတ်ကင်လက်ခံမယ့်ရက်ကို ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာမျိုးရယ်”
ဒေါ်ဝင်းမင်းအေး (ခရီးသည်) 

အခုလို အခါကြီးရက်ကြီးနား နီးလာပြီဆို ကားလက်မှတ်တွေ အခက်အခဲက အတော်လေး ကြုံတွေ့နေရတယ်။ ၂၀၁၁ လောက်တုန်းကဆို ကားလက်မှတ်မရလို့ ငိုခဲ့ရဖူးတယ်။ အိမ်စီးမှန်လုံကားကို အောင်မင်္ဂလာမှာ လာရပ်ထားပြီး ရန်ကုန်ကနေ မိုးကုတ်ကို တစ်ယောက်ကို တစ်သိန်းနှုန်းနဲ့ လေးယောက်ရရင် သွားပေးမယ်။ လေးယောက်ထက်ပိုရင် လျှော့ပေးမယ်ဆိုပြီး ပြောပေမယ့် လူကလည်း လေးယောက်မပြည့်လို့ မပြန်လိုက်ရတာမျိုး ကြုံဖူးတော့ နောက်ဆို ကားလက်မှတ်ဖြတ်ဖို့ကို အတော်လေး သတိထားရတယ်။ ဘွတ်ကင်တင်လို့ ရပြီလား ဆိုတာ အမြဲသတိထားပြီး ရပြီဆိုတာနဲ့ ချက်ချင်းလှမ်းတင်ရတာမျိုး အတော်လေး သတိထားရတယ်။ ဘွတ်ကင်လက်ခံမယ့်ရက်ကို ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာမျိုးရယ်။ အဲလိုမျိုး ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာမျိုး မဖြစ်ချင်ဘူး။ အခုဒီနှစ်မှာတော့ လက်မှတ်တွေလည်း ဈေးတက်မယ် ကြားတယ်။ အဲ့လိုအများပြည်သူ မပြန်မဖြစ် ပြန်ရမယ့် အချိန်မျိုးမှာ ကားလက်မှတ် တိုးတောင်းတာမျိုးက မဖြစ်သင့်ပါဘူး။ လူထုလိုအပ်ချက်အပေါ်မှာ စီးပွားရေးအရ အမြတ်ထုတ်တာမျိုး မဖြစ်အောင် အစိုးရက ထိန်းကျောင်းပေးစေချင်ပါတယ်။ လက်ရှိဈေးတက်တာက ဆီဈေးကြောင့် ဈေးတက်တာ တကယ်ဟုတ် မဟုတ် မသေချာသေးဘူး။ ခရီးသွားတွေကတော့ မကျေနပ်လည်း ပေးရမှာပဲ။ ဒီလိုတက်ပြီးရင်လည်း ဆီဈေးပြန်ကျလို့ ကားခပြန်ကျသွားတယ်လို့လည်း တစ်ခါမှမှ မကြားဖူးတာ။ အခု ရန်ကုန်-မန္တလေး အထူးကားတစ်စီးကို ၁၆၅၀၀ ကနေ ၂၀၅၀၀ ဖြစ်သွားပြီ တက်ရင်းတက်ရင်းကနေ ပြန်မှမကျတာ။ ကားခကို ဒီလိုအခါ ကြီးရက်ကြီးမျိုးမှာ ဈေးတက်ယူတာမျိုးက မဖြစ်သင့်ပါဘူး။ အစ်မတို့ နိုင်ငံက ထူးဆန်းတယ်။ တခြားနိုင်ငံတွေမှာဆို ခရစ္စမတ်ရုံး ပိတ်ရက်တွေမှာ ကားခမတက်ရုံ၊ ကားလက်မှတ် အခက်အခဲ မဖြစ်ရုံ တင်မကဘူး။ တခြားဝန်ဆောင်မှုတွေ၊ ပျော်စရာတွေပါ ဖန်တီးပေးတတ်သေးတာ။ ဒီမှာလည်း အဲဒီလိုလေးတွေ ဖြစ်စေချင်တယ်။            

“နောက်ဆုံးခုံလေး တစ်ခုံရဖို့တောင်မှ အနိုင်နိုင်ပါ”
ဒေါ်ခင်စုဇာသင်း (ခရီးသည်) 

ခရီးသည်တွေအတွက်က ခရီးသွားတော့မယ်ဆို Express ကားကိုပဲ အဓိက အားကိုးနေရတာဖြစ်တဲ့ အတွက် အခုလို သင်္ကြန်တွင်း ရုံးပိတ်ရက်လိုမျိုးမှာ ကားလက်မှတ်မှ ကျန်ပါ့မလား။ ထိုင်ခုံနေရာ တစ်နေရာရဖို့ကို အတော်လေး စိတ်ပူရတဲ့ ကာလပါ။ ဒီကြားထဲ မှောင်ခိုလက်မှတ်တွေက ကိုယ့်ထက်အရင်ကြိုဝယ်ပြီး ဈေးတင်ရောင်းကြတာမျိုးတွေ ရှိတယ်။ ကားလက်မှတ်လေးတစ်စောင်ရဖို့ကို တစ်လလောက် ကြိုမှာထားရတာမျိုးတွေက အခါကြီးရက်ကြီး ရုံးပိတ်ရက်တွေတိုင်းမှာ အမြဲကြုံနေရတာ။ ကိုယ့်အနေနဲ့ကလည်း ဒီလိုရုံးပိတ်ရက်လေး မပြန်မဖြစ် ပြန်ရမှာမျိုးတွေ ဖြစ်တဲ့အတွက် ဒီလိုအခက်အခဲတွေကို မရှိစေချင်ပါဘူး။ အခြားရက်မျိုးတွေမှာဆို ပြဿနာ သိပ်မရှိပေမယ့် အခုလို သင်္ကြန်ရုံးပိတ်ရက်မျိုးက အတော်လေး သိသာပါတယ်။ 
နောက်ဆုံးခုံလေးတစ်ခုံ ရဖို့တောင်မှ အနိုင်နိုင်ပါ။ လက်မှတ်တွေကို အဆင်ပြေပြေ ဝယ်ချင်ပါတယ်။ ခရီးသွားပြည်သူတစ်ယောက် အနေနဲ့ ကားလမ်းတစ်မျိုးတည်းကိုပဲ အားကိုးနေရမယ့်အစား ရထားလမ်း ခရီးတွေကိုပါ များများစားစား ဝန်ဆောင်မှု ပေးတာမျိုးတွေ ဖြစ်စေချင်တယ်။ ရထားလက်မှတ်ဆိုလည်း သုံးရက် ကြိုရောင်းချပေးတယ် ဆိုတာမျိုးမှာ မနက်အစောကြီးထပြီး အချိန်အတော်ကြာတန်းစီမှ ရနိုင်တာမျိုးပါ။ ရထားဆို ကားလက်မှတ်ဖြတ်တာထက် ပိုပြီး အချိန်ကုန်တယ်။ အဲလိုအခက်အခဲတွေကို ပြည်သူတစ်ယောက် အနေနဲ့ အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်။ ကားလမ်းတွေရော ရထားလမ်းတွေကိုပါ အခုထက်ပိုပြီး အဆင်ပြေပြေ သွားလာလို့ရနိုင်အောင် ဆောင်ရွက်ပေးဖို့ ခရီးသည်တစ်ယောက် အနေနဲ့ တောင်းဆိုချင်ပါတယ်။

ခိုင်ချယ်ရီထွန်း