News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ခွန်းဆင့်နေခြည်နှင့် တွေ့ဆုံခြင်း
13-Mar-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍအတွက် ဂီတဘက်မှာရော ရုပ်ရှင်နဲ့ ဗီဒီယိုဘက်မှာပါ ဘက်စုံ နာမည်ရပြီးသားဖြစ်တဲ့ သရုပ်ဆောင် ခွန်းဆင့်နေခြည်ရဲ့ ကားတစ်စီးပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ သဘောထားနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : အခုစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
KSNC : ခွန်းဆင့် အခု လက်ရှိစီးနေတဲ့ကားက Alphard Black Colour အမျိုးအစားပါ။

Voice : ဒီကားမှာ ဘာတွေ အားသာချက်တွေ ရှိတယ်လို့ ထင်လဲ။ 
KSNC : ဒီကားရဲ့ အားသာချက်က ဘာမှ ထွေထွေထူးထူးတော့ ပြောစရာ မရှိပါဘူး။ အတွင်းခန်း ကျယ်တယ်။ ခရီးထွက်ရင် လူများများ ဆံ့တယ်။ ကားထဲမှာ အဝတ်အစား လဲတာတို့၊ ထမင်းစားတာတို့ လုပ်မယ်ဆိုလည်း ကျယ်တော့ အဆင်ပြေတယ်။ ကြည့်လိုက်ရင်လည်း အမြင်တင့်တယ်ပါတယ်။ 

Voice : တခြား ဘယ်လို ကားအမျိုးအစားလေးတွေ သဘောကျလဲ။ 
KSNC : ခွန်းဆင့်ကတော့ Lexus, Land Cruiser ရယ် ကြိုက်တယ်။ ဒီကားတွေက ခရီးထွက်လို့ ကောင်းသလို အကြမ်းလည်း ခံတယ်။ ခွန်းဆင့် အခုစီးနေတဲ့ ကားက ပစ္စည်းဆံ့ပေမယ့် အကြမ်းမခံဘူး။

Voice : ကိုယ်တိုင် ကားမောင်းရတာ သဘောကျလား။
KSNC : ကိုယ်တိုင် ကားမောင်းရတာ ကြိုက်တယ်။ သူများမောင်းတာ စီးရတာ စိတ်ထဲမှာ အားမရသလိုလိုနဲ့ တစ်မျိုးပဲ။ ခွန်းဆင့်က ငယ်ငယ်ကတည်းက ကိုယ်တိုင် ကားမောင်းရတာ တစ်ခါတလေ ခရီးသွားရင် ရန်ကုန်ကနေ ပုပ္ပါး-ပုဂံတို့၊ ပြင်ဦးလွင်တို့ သွားရင်လည်း ကိုယ်တိုင်ပဲ ဒရိုင်ဘာ လုပ်သွားလိုက်တယ်။ 

Voice : ကားတစ်စီး ဝယ်မယ်ဆို ဘယ်လိုအချက်တွေ ကြည့်ပြီး ဝယ်သင့်လဲ။
KSNC : ကားဝယ်ရင်တော့ ကားအကြောင်း နားလည်တဲ့ ပွဲစားနဲ့ပဲ ဝယ်တာပါ။ ကားရဲ့ ဘော်ဒီ၊ အောက်ပိုင်းနဲ့ အင်ဂျင်ကောင်း မကောင်းကတော့ ကားဝပ်ရှော့က ကားပြင်ဆရာ ခေါ်ပြလိုက်တယ်။ ခွန်းဆင့်က ကားအကြောင်းတော့ သိပ်နားမလည်ဘူး။ 

Voice : ကားတစ်စီးရဲ့ အသုံးဝင်မှုက ဘယ်လောက် အထိအရေးပါလဲ။
KSNC : ကားက ဘယ်လောက်အထိ အရေးပါလဲ ဆိုတော့ လိုတဲ့ခရီးကို သက်သောင့်သက်သာနဲ့ ကိုယ့်စိတ်၊ ကိုယ့်ဆန္ဒအတိုင်း သွားလာဖို့ဆို ကားတစ်စီးက မရှိမဖြစ် လိုအပ်ပါတယ်။ 

Voice : မြို့တွင်းမှာ ကားမောင်းရတာ အရင်ကထက်စာရင် အခု ယာဉ်ကြော ပိုရှင်းလာတယ်လို့ ခံစားရလား။
KSNC : ဟိုအရင်ကထက် စာရင်တော့ မဆိုစလောက်လေး ရှင်းသွားပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်း ရုံးဆင်း ရုံးတက်ချိန်တွေမှာတော့ ပိုကျပ်ပါတယ်။ ဒါပေမဲ့ အဆိုးကြီးတော့ မဟုတ်ပါဘူး။ 

Voice : ပြည်ပ ခရီးစဉ်တွေလည်း ခဏခဏ ထွက်ဖူးတော့ ယာဉ်စည်ကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ဘယ်လို ကွာခြားတယ်လို့ မြင်လဲ။
KSNC : ပြည်ပ နိုင်ငံတွေမှာက ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို နိုင်ငံသားတွေက အတိအကျ လိုက်နာကြတယ်။ မီးဝါပြီဆိုလည်း ဖြတ်မကူးဘူး။ နိုင်ငံခြားမှာက လူတစ်ယောက် စည်းကမ်း မလိုက်နာဘဲ လမ်းဖြတ်ကူးမိလို့ ကားတိုက်မိရင် တိုက်မိတဲ့ကားကို လူက ပြန်လျော်ပေးရပါတယ်။ မတော်လို့ တိုက်မိတဲ့ သူက သေသွားရင်တောင် တိုက်မိတဲ့သူမှာ အပြစ် မရှိပါဘူး။ ဘာလို့လဲဆိုတော့ စည်းကမ်းအတိုင်း မလုပ်ဘဲ ဖောက်ဖျက်မိလို့ပါ။ ဒီနိုင်ငံရဲ့ ဥပဒေကတော့ ဘယ်သူမှားမှား ယာဉ်မောင်းရဲ့တာဝန် အပြစ်သာ ဖြစ်တယ်။ ဒါပေမဲ့ အရင်ကထက်စာရင်တော့ အများကြီး တိုးတက် ပြောင်းလဲလာပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အဆင့်မီဖို့အထိတော့ စည်းကမ်း လိုက်နာကြသူတွေ လိုအပ်နေပါသေးတယ်။ 

ခိုင်ချယ်ရီထွန်း

  • TAGS