News

POST TYPE

AUTOMOBILE

YBS ယာဉ်များ၌ GPS တပ်ဆင်ခြင်း
13-Mar-2017 tagged as ကား

YBS ခရီးသည်တင်ယာဉ်များ၏ စည်းကမ်းဖောက်ဖျက်မှုများကို သိရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က GPS (Telematics) စနစ် တပ်ဆင်ခြင်းနှင့် ပတ်သက်၍ ယာဉ်လိုင်းပိုင်ရှင်များ၊ ခရီးသည်နှင့် ယာဉ်မောင်းတို့၏ အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။ 

“ခရီးသည်တွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်” 
ကိုတရုတ်လေး (YRTA အဖွဲ့ဝင်)

ကျွန်တော်တို့ ယာဉ်လိုင်းက ကားတွေ (၂၁ ခရီးသည်တင်ယာဉ်များ) ကို မတ်လ ၁၀ ရက်နေ့နောက် ဆုံးထားပြီး GPS တွေ အပြီးတပ်ဆင်ထားပါတယ်။ လတ်တလောမှာ လိုအပ်တာတွေ လုပ်ပြီးသွားရင် ကျွန်တော်တို့က ကုမ္ပဏီကနေ ယာဉ်မောင်းတွေ အားလုံးကို ခရီးစဉ်စဆုံး တိုက်ရိုက်ထိန်းချုပ်သွားမှာပါ။ အခုလောလောဆယ် အခြေအနေမှာ သတ်မှတ်မိုင်နှုန်းကို ၆၀ ကနေ ၈၀ ကြား သတ်မှတ်ပေးထားပြီး သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းပြီ ဆိုတာနဲ့ ဒီမှာပေါ်လာမယ်။ အဲဒီလို ပေါ်လာပြီဆိုရင် ကျွန်တော်တို့က ယာဉ်မောင်းကို အချက်ပေးမယ်။ သူတို့နားမှာ တပ်ထားတဲ့ ခလုတ်ကနေ အချက်ပြ မီးလင်းလာမယ်။ နောက်ဆို ခရီးသည်တွေပါ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းရင် သတိပေးလို့ရအောင် ခရီးသည်တွေပါ ကြားနိုင်တဲ့ အချက်ပေးသံထည့်ဖို့ အထိ လုပ်ထားပါတယ်။

ဒီလိုမျိုးယာဉ်တွေမှာ GPS တပ်ထားတဲ့အတွက် ယာဉ်မောင်းတွေ ခရီးစဉ် အစအဆုံး ပြေးဆွဲပေးရဲ့လား။ ကားက သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း သွားနေလား။ ဘယ်ရောက်နေလဲ ဆိုတာတွေကို အတိအကျ သိနိုင်မှာ ဖြစ်တဲ့အတွက် ယာဉ်မောင်းတွေလည်း အရင်ကထက် စည်းကမ်းလိုက်နာလာမယ်။ တကယ်လို့ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတာ၊ ကားတစ်စီးနဲ့တစ်စီး ပြိုင်မောင်းတာတွေ တွေ့လို့ရှိရင်လည်း ကျွန်တော်တို့ အနေနဲ့ ပထမဆုံး သတိပေးမယ်။ မလိုက်နာရင် နောက်ဒီလို မဖြစ်စေရပါဘူးဆိုတဲ့ ခံဝန်ကတိထိုးခိုင်းမယ်။ ဒါမှမလိုက်နာဘူးဆိုရင် အလုပ်ကနေ ထုတ်ပယ်တဲ့အထိ အရေးယူမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ခရီးသည်တွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ 

“အရင်ကလို ခရီးစဉ်စဆုံး မမောင်းပေးတာတွေ ပျောက်သွားမယ်လို့ မြင်ပါတယ်”
ဦးနိုင်ကိုကို (YBS ၆၅ ယာဉ်မောင်း)

ဘယ်တော့စပြီး ကျွန်တော်တို့ကို အရေးယူမယ် ဆိုတာတော့ အာဏာပိုင်တွေက အတိအကျ မပြောသေးဘူး။ ဒါပေမဲ့ တစ်နေ့ တစ်စီးနှုန်းနဲ့တော့ GPS တွေ တပ်ခိုင်းနေတာကြာပြီ။ အခုလည်း ကျွန်တော်တို့ မြေနီကုန်းမှာ GPS သွားတပ်မလို့ နေ့ခင်းပိုင်း နားရမှာ။ အခုလို GPS စနစ်နဲ့ ကားတွေကို ထိန်းချုပ်လိုက်တာကို ယာဉ်မောင်းတစ်ယောက် အနေနဲ့ ကျွန်တော်ကတော့ သဘောကျပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် အရင်ကလို ခရီးစဉ်စဆုံး မမောင်းပေးတာတွေ ပျောက်သွားမယ်လို့ မြင်ပါတယ်။ ကျွန်တော်ကတော့ သတ်မှတ်ထားတဲ့ အခေါက်ရေအပြည့် ဆွဲပေးတယ်။ နောက်တစ်ခုကတော့ တစ်စီးနဲ့တစ်စီး ပြိုင်မောင်းတာပေါ့နော်။ အရင်ကတည်းက တစ်ကားနဲ့တစ်ကား အပြိုင်အဆိုင်တွေ မောင်းနေကြတော့ ခရီးသည်တွေလည်း စိတ်အနှောင့်အယှက် ဖြစ်တယ်။ ယာဉ်အန္တရာယ်လည်း ဖြစ်နိုင်ခြေ ပိုများတာပေါ့။ အခု GPS တွေ တပ်လိုက်တဲ့အတွက်  အဲလိုပြိုင်မောင်းတာတွေ သိသိသာသာ လျော့သွားမယ်လို့ ထင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ GPS တပ်ပေးလိုက်တာ ခရီးသည်အတွက်ရော ယာဉ်မောင်းအတွက်ပါ အဆင်ပြေတယ်လို့ မြင်ပါတယ်။ ကျွန်တော်ကတော့ သဘောကျပါတယ်။ GPS တပ်ထားပြီး စက်ကနေ ထိုင်ကြည့်နေတဲ့အတွက် ကားသမားတွေလည်း သတိနဲ့ မောင်းရတော့မှာ ဖြစ်တယ်။ မလိုက်နာရင် သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း အတိအကျ အရေးယူမှာ ဖြစ်လို့ ဘယ်သူမှတော့ ကိုယ့်စားဝတ်နေရေး အထိခိုက်ခံပြီး ပြိုင်မောင်းနေမှာတော့ မဟုတ်တဲ့အတွက် ဒီလိုလုပ်လိုက်တာ စနစ်ကျတယ်လို့ မြင်ပါတယ်။                                 

“ပြောသလောက် ဖြစ်ပါ့မလားလို့ စိုးရိမ်နေတုန်းပဲ”
ဒေါ်ဆုရည်မိုး (ခရီးသည်)

အမျိုးသမီးတစ်ယောက် အနေနဲ့တော့ GPS တပ်ထားတဲ့ ယာဉ်တွေကို စီးရတာ စိတ်ချလုံခြုံမှု ရှိတယ်လို့ အတော်အသင့် ခံစားရတယ်။ ဒါပေမဲ့ ပြောသလောက် ဖြစ်ပါ့မလားလို့ စိုးရိမ်နေတုန်းပဲ။ GPS တပ်ပြီးရင် တကယ်ထိထိရောက်ရောက် အရေးယူဖို့ မျှော်လင့်ပါတယ်။ အမြဲတမ်း ကားကျပ်နေတဲ့ ရန်ကုန်လို နေရာမျိုးမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတာက ညဘက်ပဲ ဖြစ်မယ်။ နေ့ဘက်က ဖြည်းဖြည်းချင်း ရွေ့နေရတာဆိုတော့ အရှိန်ပိုမောင်းဖို့တော့ မလိုပါဘူး။ GPS စနစ်ကို ပြောင်းလိုက်ရင် ကားပြိုင်မောင်းတာတွေ၊ အချိန်မမှန်တာတွေ စပယ်ယာတွေရဲ့ ဆက်ဆံရေး အဆင်မပြေတာတွေ မရှိတော့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာ ဖြစ်မလာသေးတာတွေ များနေတုန်းပဲ။ နောက်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကလည်း ခရီးသည် လုတင်ပြီး ပြိုင်မောင်းနေကြတုန်းပဲ။  မြို့စွန်နဲ့ မြို့ထဲအထိကို နေ့စဉ်အသွားအပြန် လုပ်နေရတဲ့ ကားခ အခက်အခဲကလည်း ရှိနေသေးတယ်။ ယာဉ်မောင်းတွေကလည်း ညဘက်ဆို အပြန်ခရီးသည် ပြန်မရတာကြောင့် ခရီးစဉ် စဆုံးမဆွဲကြတော့ဘူး။ လမ်းတစ်ဝက် ကျော်ရုံလောက်ပဲ ဆွဲတယ်။ စနစ်အပြောင်းအလဲမှာ အသားမကျသေးတဲ့ ပြည်သူတွေက ကားအဆင့်ဆင့် ပြောင်းစီးနေရတယ်။ ညဘက်ဆို ကားတွေက ခရီးဆုံးအထိ မဆွဲပေးတာကို GPS သုံးပြီး ထိထိရောက်ရောက် ကြပ်မတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ခိုင်ချယ်ရီထွန်း