POST TYPE

AUTOMOBILE

သရုပ်ဆောင် အောင်မင်းခန့်နှင့် တွေ့ဆုံခြင်း
09-Jan-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင် အောင်မင်းခန့်နဲ့ သူစီးနေတဲ့ ကားအကြောင်းအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်တွေကို တွေ့ဆုံမေးမြန်းခဲ့တာလေးကို ဖော်ပြလိုက်ပါတယ်။ 

Voice : အခု ဘာကားလေး စီးနေလဲ။ ဒီကားရဲ့ အားသာချက်က ဘာလဲ။
AMK : ကျွန်တော် လက်ရှိ KIA စီးနေပါတယ်။ ကားတိုင်းမှာတော့ သူ့ကားနဲ့သူ အားသာချက်တော့ ရှိတာပေါ့နော်။ ဒီကားရဲ့ တခြားကားတွေနဲ့ အားသာချက်ကတော့ ဒီဇယ်ကားဖြစ်တယ်။ အဲဒီအတွက် အင်ဂျင်ပါဝါ သက်သာတယ်။ ၂.၀ ပဲ ရှိတဲ့အတွက် ဆီစားလည်း သက်သာတယ်။ စီးရတာလည်း သွက်တယ်။

Voice : လက်ရှိ စီးနေတဲ့ကားအပြင် တခြား ဘယ်လို ကားအမျိုးအစားတွေ သဘောကျသေးလဲ။
AMK : ကျွန်တော် အခုစီးနေတဲ့ KIA အပြင် ဥရောပထုတ်ကားတွေ သဘောကျပါတယ်။ ဘာလို့လဲ ဆိုတော့ ဥရောပထုတ်ကားတွေက Safety ဖြစ်လို့ပါ။

Voice : မြို့တွင်းမှာ ယာဉ်မောင်းရတာရော ဘယ်လို အခြေအနေရှိလဲ။
AMK : မြို့တွင်းမှာတော့ သိတဲ့အတိုင်းပဲ။ နောက် ကားပါကင်နေရာ မရှိတာတွေ၊ ဘလောက်တုံးတွေ ထားထားတာတွေက ကားမောင်းရတာ အဆင်မပြေဘူး။ 

Voice : လက်ရှိမှာ ကားမောင်းတဲ့အခါ ခါးပတ် ပတ်ဖို့၊ မပတ်ရင် အရေးယူဖို့ လုပ်နေတာတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။ 
AMK : ကျွန်တော်တို့ နိုင်ငံမှာက ကားမောင်းရင် ခါးပတ် ပတ်မမောင်းတာက နှစ်ပေါင်း ဆယ်စုနှစ်ရှိနေပြီဆိုတော့ တော်တော်များများကတော့ ခါးပတ်ပတ် မောင်းလေ့ မရှိဘူးပေါ့နော်။ ကျွန်တော်ကတော့ အရင်ကတည်းက ကားမောင်းရင် ခါးပတ် ပတ်မောင်းဖို့ အကျင့် လုပ်ထားပါတယ်။ တခြား ယာဉ်မောင်းတွေ အကုန်လုံးကိုလည်း ကားမောင်းတဲ့အခါ ခါးပတ်လေး ပတ်ပြီးမောင်းဖို့ အကြံပေးချင်ပါတယ်။

Voice : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ပရိသတ်ကို ဘယ်လို အကြံပေးချင်တာလေးတွေ ရှိလဲ။
AMK : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး အိမ်စီးကားတွေလည်း စည်းကမ်းရှိဖို့၊ ယာဉ် လမ်းကြောင်း ကျပ်တဲ့အပေါ်မှာလည်း စိတ်ရှည်ကြဖို့နဲ့ ကားမောင်းတဲ့အခါ သူ့ဘက် ကိုယ့်ဘက်ကြည့်ပြီး စိတ်ရှည်ဖို့ မှာချင်ပါတယ်။

Voice : ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီးရော ဘာပြောချင်လဲ။
AMK : ယာဉ်အန္တရာယ် ကင်းရှင်းဖို့အတွက် မှာချင်တာကတော့ ကျွန်တော်လည်း ညဘက် ကားမောင်းလေ့ရှိတော့ အဲဒီအချိန်မှာဆို မီးနီဖြတ်မောင်းတာတွေ အဓိက တွေ့ရတယ်။ အဲဒီလိုတွေ မလုပ်ကြဖို့ မှာချင်ပါတယ်။ နောက်တစ်ခုကတော့ ကားမောင်းတဲ့အခါ တစ်ဦးနဲ့တစ်ဦး အလျှော့ပေးပြီး စိတ်ရှည်ဖို့ မှာချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS