News

POST TYPE

AUTOMOBILE

ထိုင်ခုံ ခါးပတ်ပတ်ခြင်း
09-Jan-2017 tagged as ကား

ခရီးသည်တင်ယာဉ်များ အပါအဝင် မော်တော်ယာဉ်များ မောင်းနှင်ရာတွင် ထိုင်ခုံခါးပတ် မပတ်ပါက ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အရေးယူမှု လုပ်ဆောင်သည့်အပေါ် အမြင်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။

“ခါးပတ် မပတ်တတ်လို့ (ရဲ)ကိုယ်တိုင် ပတ်ပေးခဲ့ရတဲ့ ယာဉ်မောင်းတွေ တွေ့ဖူးတယ်”
ဒုရဲမှူးဝင်းလွင် (အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး)

အရေးယူမှုအပိုင်းနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ စတင်ဆောင်ရွက်နေပါပြီ။ အရေးယူတယ် ဆိုတာကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ ခါတိုင်းအရေးယူမှု အပိုင်းမှာ ခါးပတ်မပတ်ရင် အရေးယူလိုက်တာလေး တစ်ခုပဲ တိုးသွားတာပါ။ ခုလိုအရေးယူမှုအပေါ် ယာဉ်မောင်းတော်တော်များများကတော့ လိုက်နာတာ တွေ့ရပါတယ်။ ခါးပတ်ပတ်ခြင်း၊ မပတ်ခြင်း ဆိုတာက ယာဉ်မောင်းအပေါ် အများကြီး မူတည်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ လူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့လည်း ဆိုင်တယ်။ နောက်တစ်ပိုင်းက ဥပဒေအရ အရေးယူမှုတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နေပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ တချို့ယာဉ်မောင်းတွေက ‘ဃ’ လိုင်စင် ရနေတာတောင် ခါးပတ်မပတ်တတ်လို့ (ရဲ)ကိုယ်တိုင် ပတ်ပေးခဲ့ရတဲ့ ယာဉ်မောင်းတွေ တွေ့ဖူးတယ်။ အခုလက်ရှိမှာတော့ ကျွန်တော်တို့ ယာဉ်ထိန်းရဲတွေ အနေနဲ့ ယာဉ်မောင်းနှင်နေတဲ့အခါ ခါးပတ်ပတ်ဖို့ကို မြို့တွင်းမှာတင် မဟုတ်ဘူး၊ အဝေးပြေးယာဉ်လိုင်းတွေ အထိပါ လိုက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အမြန်လမ်းမှာဆို အမြန်လမ်း ယာဉ်ထိန်းရဲတွေ ကိုယ်တိုင် ထိုင်ခုံခါးပတ်ပတ်ဖို့ စစ်ဆေးတယ်။ ခါးပတ်မပတ်တတ်တဲ့ ခရီးသည်တွေကို ကိုယ်တိုင်ပတ်ပေးတာမျိုးတွေအထိ လိုက်ပြီး ဆောင်ရွက်ပေးနေပါတယ်။ ခုလို ဥပဒေ ချမှတ်တယ် ဆိုတာကလည်း ယာဉ်မောင်းတွေရဲ့ အသက်အန္တရာယ် ကင်းရှင်းအောင်လို့ ချမှတ်ထားတဲ့ ဥပဒေမျိုးပါ။ အဲဒီအတွက် ယာဉ်မောင်းတွေ အနေနဲ့ ဘယ်ယာဉ်စည်းကမ်းမဆို လိုက်နာတာ အကောင်းဆုံးပါ။ ကျွန်တော်တို့က စည်းကမ်းမလိုက်နာရင် အရေးယူလို့ပဲရတာ၊ ယာဉ်မောင်းအနေနဲ့ အသက်တစ်ချောင်းလုံးကို ရင်းရမှာဖြစ်တဲ့အတွက် ပြည်သူတွေ အန္တရာယ်ကင်းဖို့ လိုအပ်တယ်ထင်လို့ ချမှတ်ထားတဲ့ ဥပဒေ မှန်သမျှ လိုက်နာကြဖို့ အကြံပြုချင်ပါတယ်။ 

“တစ်ခါတလေ ရှေ့ကားနဲ့ နောက်ကား ဘရိတ်အုပ်တာမျိုးမှာ ခါးပတ်ပတ်ထားရင် ဆောင့်မိပြုမိတာမျိုးတွေ မရှိတော့ဘူး”
ဦးကျော်ဇေယျာထွန်း (အငှားယာဉ်မောင်း)

ကားမောင်းရင်း ထိုင်ခုံမှာ ခါးပတ်ပတ်တာမျိုးက ကျွန်တော်တို့က အကျင့်မရှိသေးဘူး။ ယာဉ်မောင်းတော်တော်များများကတော့ ဥပဒေထုတ်ပြီးမှ ယာဉ်မောင်းရင် ခါးပတ်ပတ်ပြီး မောင်းကြတာ များတယ်။ ခါးပတ်ပတ်တဲ့ အလေ့အကျင့်က ကျွန်တော်တို့ နိုင်ငံမှာသာ အထာမကျသေးတာ တစ်ခါတလေ နိုင်ငံခြားသားတွေ ငှားစီးတာ ကြုံဖူးတယ်။ သူတို့ဆို ကားစထွက်ပါပြီ ဆိုတာနဲ့ နောက်ခန်းမှာ ထိုင်တာတောင် ခါးပတ်ပတ်ပြီးမှ စီးတာမျိုး တွေ့ဖူးတယ်။ သူတို့အတွက်ကျ ကားမောင်းနေတဲ့အခါ ခါးပတ်ပတ်ထားရမယ်ဆိုတဲ့ အသိက ရှိပြီးသား ဖြစ်နေတာပေါ့နော်။ အခုဆို ပြီးခဲ့တဲ့တစ်လ၊ နှစ်လလောက် ကတည်းက ပတ်ပြီးမောင်းတဲ့ အလေ့အကျင့်လေး ရှိနေပြီဆိုတော့ ကားမောင်းတဲ့အခါ ခါးပတ်ပတ်ပြီးမောင်းမှ Safe ဖြစ်တယ်။ အခုလတ်တလောမှာ ခါးပတ်ပတ်ပြီး မမောင်းတဲ့သူတွေကို အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီ ဆိုပေမယ့် လမ်းမှာတော့ ထိုင်ခုံခါးပတ် ပတ် မပတ် စစ်ဆေးတာမျိုးတော့ မကြုံဖူးသေးပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေတော့ ကြုံဖူးတယ် ပြောတယ်။ ခါးပတ်ပတ်ပြီး မောင်းတဲ့အတွက် ကြုံရတာကတော့ တစ်ခါတလေ ရှေ့ကားနဲ့  နောက်ကား ဘရိတ်အုပ်တာမျိုးမှာ ခါးပတ်ပတ်ထားရင် ဆောင့်မိပြုမိတာမျိုးတွေ မရှိတော့ဘူး။ ခါးပတ်ပတ်ထားတဲ့အတွက် ခါးပတ်က ထိန်းပေးသွားတယ်။ အဲ့လိုကောင်းတဲ့ အချက်လေးတွေ ရှိပါတယ်။ အခုဆို ခါးပတ်ပတ်ပြီး မောင်းတာ Safe ဖြစ်တယ်လို့ ခံစားရပြီး ခါးပတ်ပတ် မမောင်းရင်ကို မလုံခြုံတော့ဘူးလို့အထိ ခံစားရတဲ့အတွက် ခါးပတ်ပတ်ပြီး မောင်းတဲ့ဥပဒေကို ယာဉ်မောင်းတစ်ယောက် အနေနဲ့ လက်ခံပါတယ်။                       

“မြို့တွင်းက ယာဉ်မောင်းတွေ အတွက်ကျ သိပ်ပြီးမဆိုင်သလိုပဲ”
ဦးဆက်ရှိန်သာ (အငှားယာဉ်မောင်း)

ယာဉ်မောင်းတဲ့အခါ ထိုင်ခုံခါးပတ် မပတ်တာတွေကို အရေးယူမှုတွေ စတင်လုပ်ကိုင်နေပြီလို့ ကြားရတဲ့အတွက် ကောင်းပါတယ်။ ဒါပေမဲ့ မြို့တွင်းက ယာဉ်မောင်းတွေ အတွက်ကျ သိပ်ပြီး မဆိုင်သလိုပဲ။ ဆိုလိုတာက အန္တရာယ် အဲဒီလောက် မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ တကယ်တမ်းက အဝေးပြေးယာဉ်လိုင်းတွေကို အဓိကထားပြီး စစ်ဆေးသင့်ပါတယ်။ ခရီးသည်တွေက အရှေ့မှာထိုင်တဲ့ ခရီးသည်တွေကို ပြောရတာ အဆင်ပြေပါတယ်။ တချို့ခရီးသည်တွေကျ ခါးပတ်ကို မပတ်တတ်ဘူး။ အဲဒီလိုမျိုးကျ ကိုယ်တိုင်ပတ်ပေးရတာမျိုးတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာက ခါးပတ်ပတ်တဲ့ အလေ့က မရှိဘူးလေ။ အခုမှ ထလုပ်တဲ့အတွက် အခက်အခဲ နည်းနည်းတော့ ဖြစ်တာပေါ့။ ခါးပတ်ပတ်တာကတော့ အရေးယူမယ်ဆိုပြီး ဥပဒေထုတ်မှပဲ ပတ်ဖြစ်သွားတာပါ။ ၁၂ လပိုင်းလောက် ကစပြီး ကားမောင်းတိုင်း ပတ်မောင်းခဲ့တာ။ အရင်ကတော့ ဟိုင်းဝေးတွေ မောင်းဖူးတော့ ခါးပတ်ပတ်တဲ့ အလေ့အကျင့်က ရှိပါတယ်။ ဒါပေမဲ့ မြို့တွင်းမှာကတော့ အရင်က မပတ်ဖြစ်ဘူးပေါ့။ တစ်ခုရှိတာက ဒီဘက်မှာလည်း လမ်းလေးဘက်၊ လမ်းဆုံလမ်းတွေ ရှိတဲ့အတွက် ခါးပတ်ပတ်ထားတဲ့အခါ ရှေ့ကလမ်းကြောကို မမြင်ရတာမျိုးလောက်တော့ ကြုံရတာပေါ့။ လက်ရှိ ချမှတ်ထားတဲ့ ဥပဒေကတော့ ပြည်သူတွေ အသက်အန္တရာယ်ကင်းဖို့အတွက် ချမှတ်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ကောင်းတယ်လို့ မြင်ပါတယ်။ အခုလက်ရှိမှာတော့ ကားမောင်းရင်း သတိထားပြီး ကြည့်မိရသလောက်တော့ ယာဉ်မောင်းတိုင်း ခါးပတ်ပတ်မောင်းတာ တွေ့ရပါတယ်။ အနည်းအကျဉ်းလောက်ပဲ ကားမောင်းရင် ခါးပတ်မပတ်တာလောက်ပဲ ရှိတော့တယ်။       

ခိုင်ချယ်ရီထွန်း

ABOUT AUTHOR

ခိုင်ချယ်ရီထွန်း (ခိုင်ချယ်ရီထွန်း)