News

POST TYPE

AUTOMOBILE

မော်ဒယ်လ် သရုပ်ဆောင် ရဲဟိန်းနှင့် တွေ့ဆုံခြင်း
02-Jan-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ မော်ဒယ်လ်သရုပ်ဆောင် ရဲဟိန်းနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ ကားလေးနဲ့ ပတ်သက်တာတွေကို မေးမြန်း ဖြစ်ခဲ့ပါတယ်။

Voice : မောင်လေး လက်ရှိ စီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
YH : ကျွန်တော် အခု Harrier 99 Model လေး စီးနေတာပါ။ 

Voice : ဝယ်ထားတာရော ကြာပြီလား မောင်လေး။
YH : လေးနှစ်လောက် ရှိသွားပါပြီ။

Voice : ဘာလို့ ဒီကားလေး ရွေးဝယ်ဖြစ်သွားတာလဲ။ 
YH : အဓိကကတော့ ကျွန်တော့်အမေ သဘောကျလို့ပါ။ နောက် ကျွန်တော် ကိုယ်တိုင်ကလည်း ကား အမြင့်စီးရတာ သဘောကျတယ်။ အဲဒီအချိန်တုန်းကလည်း ဒီကားအမြင့်လေးက ခေတ်စားနေတဲ့ အချိန်ဆိုတော့ ဒီကားလေးကို ဝယ်လိုက်တာပါ။

Voice : အရင်တုန်းကရော ဘယ်လိုကားမျိုး စီးခဲ့ဖူးလဲ။ 
YH : အရင်က ကျွန်တော် ဆလွန်းလေး စီးခဲ့ဖူးပါတယ်။

Voice : အရင်စီးခဲ့ဖူးတဲ့ကားနဲ့ ဒီကားရဲ့ ကွာခြားတဲ့ အားသာချက်ကရော ဘာတွေရှိလဲ မောင်လေး။ 
YH : အရင်ကားတွေတုန်းကတော့ Manual ဂီယာပေါ့နော်။ အဲဒါက တချို့နေရာတွေမှာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီ Auto တွေကတော့ ယောက်ျားလေး၊ မိန်းကလေး ဘယ်သူမောင်းမောင်း ကောင်းတာပေါ့နော်။ အဲဒီတစ်ခုတော့ ကွာတယ်လို့ ထင်ပါတယ်။

Voice : နောက်ထပ် ဘယ်လို ကားအမျိုးအစားတွေ မောင်လေး သဘောကျသေးလဲ။ 
YH : ကျွန်တော်ကိုယ်တိုင်ကလည်း Saloon Type ထက် Wagon လို ပုံစံမျိုးကို ပိုကြိုက်တာဆိုတော့ ကျွန်တော် ကြိုက်တာက BMW တို့ ဘာတို့ကို ပိုပြီး ဃမဖေပ ဖြစ်ပါတယ်။

Voice : ကားက ကိုယ်တိုင်လည်း မောင်းနေတာဆိုတော့ မြို့တွင်းမှာ ယာဉ်မောင်းရတာရော ဘယ်လိုလဲ အဆင်ပြေလား။
YH : မြို့တွင်းမှာကတော့ ယာဉ်လိုင်းကတော့ ကျပ်တာပေါ့နော်။ ကျွန်တော် နေတာကလည်း ကိုးမိုင်မှာ နေတာဆိုတော့ ကျွန်တော့်အနေနဲ့ မနက်ပိုင်းရှုတင် လာတဲ့အခါ ပိုပြီး စောစောထရတယ်။ အဓိကကတော့ ကျွန်တော် မြင်တာကတော့ ယာဉ်လိုင်းတွေရဲ့ စည်းကမ်း မရှိတာတွေ၊ မောင်းချင်သလို မောင်းတာတွေရယ်၊ နောက်တစ်ခု ကျွန်တော် သဘောမကျတာက တုံးတွေပေါ့နော်။ တချို့နေရာတွေမှာ တုံးတွေ မလိုအပ်ဘူးလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီတုံးတွေနဲ့ ထိမှာကြောက်ပြီး ကားတွေက တစ်ဖက်ကို ကပ်ရင်း ကပ်ရင်းနဲ့ ယာဉ်ကြောတွေပါ ပိုကျပ်လာတယ်လို့ ကျွန်တော် တွေ့ရတယ်။ အခုနောက်ပိုင်းတော့ သူတို့တွေ ကွေ့လိုင်းကို နှစ်ကြောပေးတာတို့ ဘာတို့ လုပ်နေတာ တွေ့ရပါတယ်။ 

Voice : နောက်တစ်ခု အခုဆို ယာဉ်မတော်တဆမှု တွေ ခဏခဏ ဖြစ်တယ်။ အဲဒီလို ဖြစ်နေတာတွေအပေါ် ယာဉ်မောင်း တစ်ယောက် အနေနဲ့ ဘယ်လို အကြံမျိုးတွေ ပေးချင်လဲ။ 
YH : ကားမောင်းတဲ့သူတွေ အနေနဲ့ အဓိကကတော့  ဖေ့စ်ဘွတ် သုံးတာတို့၊ အင်တာနက် သုံးတာတို့ပေါ့နော်။ ကျွန်တော်လည်း သုံးပါတယ်။  ကျွန်တော့်အနေနဲ့တော့ ကားမောင်းနေရင်း မသုံးဖြစ်အောင် သတိထားတယ်။ ခဏလေးပါပဲ။ ပစ္စည်းတစ်ခုခု ကျသွားတာတို့၊ အာရုံ က တခြား ရောက်သွားတာတို့တွေကို သတိလေး ရှိစေချင်ပါတယ်။ နောက် ဇန်နဝါရီလထဲမှာဆို ကားစီးတဲ့သူတိုင်း ထိုင်ခုံခါးပတ် ပတ်ရမယ်။ ကျွန်တော်ကတော့ အကျင့်လုပ်ထားပါတယ်။ အဲဒီအကျင့်လေးလည်း လုပ်ကြပါ။ ကားမောင်းနေရင်းလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာပေးကြပါလို့ အကြံပေးချင်ပါတယ်။                                   

ချယ်ရီထွန်း

  • TAGS