News

POST TYPE

AUTOMOBILE

ရမ်းကားသည့် ဒရိုင်ဘာနှင့် စပယ်ယာများကို ပြန်လည်တုံ့ပြန်မည့်အပေါ် အမြင်များ
02-Jan-2017 tagged as မော်တော်ယာဉ်

ရန်ကုန်မြို့တော် အတွင်းရှိ ခရီးသည်တင်ယာဉ်လိုင်း အချို့ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က ခရီးသည်များနှင့် လမ်းအသုံးပြုသူများအပေါ် တုတ်၊ သံပိုက် စသည်တို့ဖြင့် ရန်ပြုတိုက်ခိုက်မှုများ ဖြစ်ပေါ်နေကြောင်း မကြာခဏ ကြားသိနေရသည်။ ထို့ကြောင့် ယင်းဖြစ်ရပ်များအပေါ် မခံရပ်နိုင်သူ အချို့က အုပ်စုဖွဲ့၍ ပြန်လည်တုံ့ပြန်မည့်အပေါ် တာဝန်ရှိသူများနှင့် ခရီးသွားပြည်သူတို့၏ အမြင်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။

“ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ် ဖြစ်နေတော့ စည်းကမ်းထိန်းသိမ်းရတာ ခက်ခဲနေတယ်”
ဦးလှအောင် (မထသ - ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ)

စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို မထသက အရေးမယူဘူးလို့လည်း သတင်းတွေ ထွက်ပါတယ်။ တကယ်တော့ အရေးယူပါတယ်။ အရေးယူထားတဲ့ အထောက်အထားတွေ ကြည့်လို့ရပါတယ်။ Group ဖွဲ့ပြီး ပြန်ရိုက်မယ်လို့ ပြောနေတဲ့အဖွဲ့ကို ပြောချင်တာက ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ပါလာရင် ဥပဒေအရ ပါလာနိုင်တယ်။ ပြီးတော့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ဖြေရှင်းတဲ့အခါ ဥပဒေအရ ကိုင်တွယ်ဖြေရှင်းတာပဲ ကောင်းပါတယ်။ ဒီအဖွဲ့အနေနဲ့ မထသကော်မတီနဲ့ တတ်နိုင်သမျှ အသိပေးခြင်း၊ ပူးပေါင်းပါဝင်ခြင်းနဲ့ ကူညီပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ သက်ဆိုင်ရာ ကော်မတီကို ဖြစ်စဉ်တစ်ခု ဖြစ်တာနဲ့ အချိန်မီ သတင်းအမှန် ပေးပို့စေချင်တယ်။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တက်လာတဲ့ ကိစ္စရပ်တွေကိုလည်း ဖြေရှင်းအရေးယူသွားပါမယ်။ ခိုက်ရန်ဖြစ်ပွားတဲ့အခါ ရဲအရေးပိုင်သွားတယ်။ ဥပဒေကြောင်းအရ တရားသူကြီးက ပြစ်ဒဏ်ချမှတ်တာ ဖြစ်တယ်။ ထောင်ဒဏ်ရှစ်ရက် ချမှတ်တဲ့အပေါ် ဘာမှမပြောလိုပါဘူး။ ကျူးလွန်သူကို ညီမျှတဲ့ ပြစ်ဒဏ် ဖြစ်သင့်တယ်။ ဘယ်လိုပြစ်ဒဏ်မဆို ထိရောက်တဲ့ အရေးယူမှုဆိုရင် ကောင်းပါတယ်လို့ပဲ ပြောချင်ပါတယ်။ မထသ အနေနဲ့ကတော့ ၁၃၈ ချက်ထက် ကျော်လွန်ပြီး အရေးယူလို့ မရပါဘူး။ ခရီးသည်တွေနဲ့ ယာဉ်နောက်လိုက်တွေကြား ဖြစ်နေတာတွေကို တားနိုင်ဖို့က ပုတ်ပြတ်စနစ် မရှိမှ ရမယ်။ ယာဉ်ပိုင်ရှင် ၇၀ ရာခိုင်နှုန်း၊ ယာဉ်လုပ်သားက ၃၀ ရာခိုင်နှုန်း ခွဲဝေမှုဆိုတော့ ယာဉ်တွေကို ခေါက်ရေတိုးအောင် အလုအယက်မောင်း၊ ယာဉ်စီးခတွေ ပိုတောင်းတာတွေ ဖြစ်နေတာ။ ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ် ဖြစ်နေတော့ စည်းကမ်းထိန်းသိမ်းရတာ ခက်ခဲနေတယ်။ ဒါကြောင့် စနစ်သစ်ကို ပြောင်းနိုင်အောင် ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး အများပိုင်စနစ်ကို ဖော်ဆောင်နေပါတယ်။ ဒီစနစ် အကောင်အထည် ဖော်နိုင်ရင်တော့ အခုလို စည်းကမ်းဖောက်တာကို လျော့ကျလာနိုင်ပါတယ်။ ဝန်ကြီးချုပ်က နေ့စဉ် ယာဉ်ပိုင်ရှင်တွေနဲ့ တွေ့ဆုံပြီး လိုအပ်တာတွေ၊ အခက်အခဲတွေကို ဖြေရှင်းပေးနေပါတယ်။ ယာဉ်လုပ်သား ရှားပါးတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ အများပိုင်စနစ် ပေါ်လာရင် ကတ်စနစ်နဲ့သွားမှာ ဖြစ်တဲ့အတွက် ယာဉ်စီးခ ပိုတောင်းတဲ့ ပြဿနာ မဖြစ်တော့ပါဘူး။           

“မထသကလည်း ဖျက်သိမ်းတော့မယ် ဆိုတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရှိတော့ဘူး”
ကိုတရုတ်လေး (၄၈၊ ၄၅ ယာဉ်လိုင်းပိုင်ရှင်)

အဓိကကတော့ တရားဥပဒေစိုးမိုးမှု မရှိတာပါ။ ယာဉ်လိုင်းတွေကို မထသက စီမံအုပ်ချုပ်ခွင့် ရထားတယ် ဆိုပေမယ့် မထသက သူတို့ကို အရေးယူမှု ဥပဒေ မပေးထားဘူး။ လုပ်ပိုင်ခွင့်အာဏာ မရှိဘူးလို့ပဲ ပြောပါတယ်။ မထသ အနေနဲ့ အရေးယူမယ်ဆို ရာဇဝတ်မှု ၁၃၈ ဥပဒေနဲ့ အရေးယူပိုင်ခွင့် ရှိပါတယ်။ ဒီလိုဖြစ်စဉ်တွေ အပေါ်မှာ မထသအနေနဲ့ တရားစွဲရမယ်။ သူတို့ကို လုပ်ပိုင်ခွင့် မရှိဘူး ပြောတဲ့အတွက် ခရီးသည်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်တုံ့ပြန်တာမျိုးတွေ ဖြစ်လာတယ်။ တကယ်လုပ်ရမှာက ဒီပြဿနာမျိုးတွေမှာ မထသက တရားစွဲရမယ်။ အရေးယူပေးရမယ်။ အဲဒီလို လုပ်ပေးမယ်ဆို ဒီလိုဖြစ်စဉ်တွေ ဖြစ်လာမှာ မဟုတ်ဘူး။ နောက် မထသကလည်း ဖျက်သိမ်းတော့မယ် ဆိုတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရှိတော့ဘူး။ ဖျက်သိမ်းမယ် ပြောကတည်းက အရေးယူမှု အပိုင်းကို လုံးဝကို အာရုံမရတော့တာပါ။ ဒီလိုတွေ ဖြစ်နေတာတွေက အများပိုင် ကုမ္ပဏီစနစ် ဖြစ်လာမယ် ဆိုရင်တော့ ရှိတော့မှာ မဟုတ်ပါဘူး။ ဥပမာ ပြောရရင် အများပိုင် ကုမ္ပဏီစနစ် ဖြစ်လာရင် အရင်က အင်းစိန်ယာဉ်လိုင်းမှာ ယာဉ်လိုင်းငါးလိုင်း အပြိုင်ပြေးဆွဲနေတာကနေ အများပိုင်ကုမ္ပဏီ တစ်ခုတည်းကပဲ ထိန်းသွားတော့မှာ ဖြစ်တဲ့အတွက် ယာဉ်လိုင်းတွေ အပြိုင်အဆိုင် မပြေးဆွဲတော့ဘဲ အေးအေးဆေးဆေး မောင်းလို့မယ်။ အရင် ပုတ်ပြတ်နဲ့ မောင်းနေရာကနေ ယာဉ်လိုင်းတစ်လိုင်းတည်း ဖြစ်လာမယ်ဆို အခုလို ပြဿနာတွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။

“ယာဉ်လိုင်းတိုင်း ဆိုးနေတာ မဟုတ်ပေမယ့် တချို့ယာဉ်လိုင်းတွေကျ တစ်ခါတလေ ကိုယ်တွေတောင် လူသတ်ချင်စိတ် ပေါက်လာအောင် ဆိုးပါတယ်”
ဒေါ်ကျော်သီတာအောင် (ခရီးသွားပြည်သူ)

ယာဉ်နောက်လိုက်တွေကို ခရီးသည်တွေအဖွဲ့ ဖွဲ့ပြီး ပြန်ရိုက်ဖို့ဆိုတာ လက်ရှိတရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်တွေကို စိန်ခေါ်လိုက်တာပါ။ ကျွန်မ အမြင်အရတော့ ယာဉ်နောက်လိုက်တွေကို ပြန်ရိုက်မယ် ဆိုတာထက် ရှိနေပြီးသား ဥပဒေကို ပိုပြီး ခိုင်ခိုင်မာမာ အသုံးချနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ အရေးယူမှု အပိုင်းမှာတော့ အများကြီး အားနည်းနေတာ တွေ့ရပါတယ်။ ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေနဲ့ ပတ်သက်လို့ ဒီလိုအကြမ်းဖက်မှုတွေ ခဏထားဦး။ ယာဉ်မောင်းလိုင်စင်၊ သင်တန်း၊ သက်တမ်း၊ အဲဒီလိုဟာတွေကအစ ဥပဒေအရ လိုက်နာဖို့ လိုတယ်။ တချို့ယာဉ်မောင်းတွေဆို သက်တမ်းနုနုလေးနဲ့ လိုင်စင်ခွင့်ပြုထားတာ မဟုတ်တဲ့ ကားတွေကို မောင်းတယ်။ ယာဉ်ရဲ့ကြံ့ခိုင်မှုကို စိတ်မဝင်စားဘူး။ အဲဒီအပေါ်မှာ သက်ဆိုင်ရာက အရေးယူမှု မရှိသလို ယာဉ်လိုင်းပိုင်းဆိုင်ရာတွေကလည်း သွန်သင်မှု မရှိဘူး။ မထသကပဲကိုင်ကိုင်၊ ကုမ္ပဏီကပဲကိုင်ကိုင် အရေးကြီးတာက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေအတွက် လုံလောက်တဲ့ ဝင်ငွေ ဖန်တီးပေးဖို့နဲ့ စည်းကမ်းရှိဖို့ လိုတယ်။ အဓိကက မူကိုပြင်ရမှာ။ မူကိုမပြင်ဘဲ လူကိုချည်း လိုက်ပြင်နေလို့ မရဘူး။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေအတွက် ဝင်ငွေတစ်ခု ဖန်တီးပေးနိုင်မယ် ဆိုရင် ပြဿနာရဲ့ သုံးပုံတစ်ပုံက ဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ ယူဆပါတယ်။ ငွေနောက်ကို အလောတကြီး လိုက်ရှာရတဲ့အခါ လူတွေက လောဘတွေ၊ မောဟတွေ၊ ဒေါသတွေနဲ့ စဉ်းစားဆင်ခြင်မှုတွေ ပျောက်ကုန်တယ်။ ငါမှငါဆိုတဲ့ စိတ်တွေ၊ အုပ်စုဖွဲ့ ရမ်းကားမှုတွေ ဖြစ်လာတယ်။ အဲဒီလို ရိုင်းစိုင်းတဲ့လူတွေအတွက် စည်းကမ်းဥပဒေတွေနဲ့ တိတိကျကျ ကိုင်တွယ်မယ်ဆိုရင် ဘယ်သူပဲ ဦးဆောင်ပါစေ အောင်မြင်မှာပါ။ 

ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေမှာလည်း ခုနက ပြောသလို ပြဿနာက ရှိနေပါတယ်။ ခရီးသည်တွေကလည်း တော်ရုံဆို မသိချင်ယောင် ဆောင်နေတာက များတယ်။ အတော်လေး မခံနိုင်လွန်းလို့သာ ဖြစ်ရတာပါ။ ယာဉ်လိုင်းတိုင်း ဆိုးနေတာ မဟုတ်ပေမယ့် တချို့ယာဉ်လိုင်းတွေကျ တစ်ခါတလေ ကိုယ်တွေတောင် လူသတ်ချင်စိတ် ပေါက်လာအောင် ဆိုးပါတယ်။ အားကိုးမဲ့နေလို့ ပြန်လုပ်ချင်လာတာပါ။ ဒါပေမဲ့ နည်းလမ်းအမှန် မဟုတ်ပါဘူး။ ဝိုင်းရိုက်ရုံနဲ့ ပြီးသွားမယ့် ပြဿနာမျိုးလည်း မဟုတ်ဘူး။ ဒါကြောင့် ဥပဒေအရ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ခိုင်ချယ်ရီထွန်း

ABOUT AUTHOR

ခိုင်ချယ်ရီထွန်း (ခိုင်ချယ်ရီထွန်း)