News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ဆုမြတ်နိုးဦးနှင့် တွေ့ဆုံခြင်း
26-Dec-2016 tagged as


ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ သရုပ်ဆောင် ဆုမြတ်နိုးဦးနဲ့ တွေ့ဆုံပြီး သူစီးနေတဲ့ ကားအကြောင်းနဲ့ သူ့အကြိုက်တွေကို မေးမြန်းထားပါတယ်။

Voice : လက်ရှိ မြတ်နိုးစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
SMNO : မြတ်နိုးလက်ရှိ Landcruiser 2010 စီးနေပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလားညီမ။
SMNO : သိပ်တော့ မကြာသေးပါဘူး။ တစ်နှစ်ခွဲလောက်ပဲ ရှိသေးတယ်။

Voice : ဒီကားလေးရဲ့ ကောင်းတဲ့ အချက်လေးတွေက ဘာတွေလဲ။ နောက်ပြီး အားနည်းချက်ကရော ဘာတွေ ရှိတယ်လို့ ခံစားရလဲ။
SMNO : ကောင်းတဲ့အချက်ကို ပြောရမယ်ဆိုရင်တော့ မြတ်နိုးတို့က ရှုတင် အမြဲ သွားနေရတာဆိုတော့ ဒီကားလေးကကြီးတော့ ပစ္စည်းများများ ဆံ့တော့ အဆင်ပြေပါတယ်။ နောက်ရှုတင်နဲ့ ခရီးသွား ဘာသွားနဲ့ဆိုတော့ ပစ္စည်းများများ ဆံ့တယ်လေ။ မကောင်းတဲ့ အချက်ကတော့ ရန်ကုန်မှာက ကား အရမ်း ပိတ်တော့ တိုးရတာ၊ စောင့်ရတာနဲ့ ဆိုတော့ ဆီလည်း အရမ်း ကုန်ပါတယ်။ 

Voice : ဒီကားဝယ်ထားတာ မကြာသေးဘူးဆိုတော့ ဒီကားအရင်ကရော ဘယ်လို ကားအမျိုးအစားတွေ စီးခဲ့ဖူးလဲ။
SMNO : မြတ်နိုး ဒီကား မတိုင်ခင် Crown လေး စီးခဲ့ဖူးပါတယ်။ အဲဒီအရင်တုန်းကတော့ Mark X စီးခဲ့ဖူးပါတယ်။

Voice : အရင်စီးခဲ့ဖူးတဲ့ ကားတွေနဲ့ အခုစီးနေတဲ့ ကားရဲ့ ကွာခြားချက်ကရော ဘာတွေရှိလဲ။
SMNO : ဘယ်လို ကွာခြားချက်တွေ ရှိလဲဆိုတော့ Crown တုန်းကတော့ အတော်လေး စီးလို့ ကောင်းပါတယ်။ ဒါပေမဲ့ ခုနက ပြောသလိုပေါ့။ ရှုတင်ကျတော့ အဆင် မပြေဘူး။ မြတ်နိုးတို့ကျ မိန်းကလေးလည်း ဖြစ်တယ်၊ ရှုတင်ကျတော့ ပစ္စည်းတွေ အများကြီးလည်း ထည့်ရတယ်ဆိုတော့ Crown ကားလေးက သေးတယ်။ နောက်ဖုံးလေးနဲ့တင်ဆိုတော့ အဆင်မပြေဘူး။ အခု စီးနေတဲ့ကားကျ အဆင်ပြေတယ်။ 

Voice : အနုပညာရှင် တစ်ယောက် အနေနဲ့ ကားတစ်စီးက ဘယ်လောက် အတိုင်းအတာအထိ အရေးပါတယ်လို့ ထင်လဲ ညီမ။
SMNO : အများကြီး အသုံး ဝင်ပါတယ်။ ညီမတို့ဆို အနုပညာရှင်ဆိုတော့ ဘတ်စ်ကား စီးသွားဖို့၊ Taxi စီးသွားတာတို့ ကျတော့လည်း အဆင် မပြေဘူး။ နောက် ရှုတင် သွားရတာတွေ၊ ပစ္စည်းတွေ တစ်နေရာနဲ့ တစ်နေရာ ရွှေ့ရတာတွေ၊ အသွားအလာတွေကျတော့ ကားရှိမှ အဆင်ပြေတာ။ ရန်ကုန်မှာကျ တစ်နေရာနဲ့ တစ်နေရာ သွားဖို့ဆိုတာက ကားမရှိရင် အဆင် မပြေနိုင်ဘူး။ အဲဒီအတွက် ကားက တော်တော်လေးကို အရေးပါ ပါတယ်။

Voice : မြတ်နိုးအနေနဲ့ ဘယ်လို ကားအမျိုးအစားတွေ သဘောကျလဲ။
SMNO : ခုလောလောဆယ်တော့ အခု စီးနေတဲ့ Landcruiser ကို ကြိုက်ပါတယ်။ နောက်ထပ် မြတ်နိုး သဘောကျနေတာက ကားသေးသေးလေးတွေ သဘောကျပါတယ်။ အပြင်သွား ဘာညာဆို BMW Mini Minor လေးတွေ သဘောကျပါတယ်။ ဒါပေမဲ့ မြတ်နိုးတို့ကျ ကားအသေးနဲ့ကျ အဆင် မပြေဘူး။ ကား အကြီးနဲ့အသေး ခွစီးဖို့ကျတော့လည်း အဆင် မပြေဘူး။ BMW သေးသေးလေးတွေဆို ချစ်တယ်။ 

Voice : မိန်းကလေးဆိုတော့ ကားထဲမှာ အရုပ်ကလေးတွေ ထားတာတို့၊ Fancy လေးတွေ အလှဆင်တာတို့ရော စိတ်ဝင်စားလား။
SMNO : မြတ်နိုးက သူများ ကားထဲမှာ လှလှလေးတွေ ဆင်ထားတာတော့ သဘောကျတယ်။ ဒါပေမဲ့ ကိုယ့် ကားထဲမှာကျ မထားဖြစ်ဘူး။ ကိုယ့်ကားထဲမှာကျ ကိုယ့်ပစ္စည်းတွေနဲ့ ကိုယ်ကို ရှုပ်နေတော့ အရုပ်လေးတွေလည်း မထားဖြစ်ဘူး။ နောက် မြတ်နိုးက ကားထဲမှာ ရှုပ်နေရင် သိပ်မကြိုက်ဘူး။ ကားထဲမှာ ရေမွှေးလောက်ပဲ ထားဖြစ်တယ်။ 

Voice : ကားကရော မြတ်နိုး ကိုယ်တိုင် မောင်းတာပဲလား။ 
SMNO : ခရီးတွေ ဘာတွေ ထွက်ရင်တော့ မြတ်နိုး ကိုယ်တိုင် မောင်းပါတယ်။ ရန်ကုန်မှာဆိုရင်တော့ မေမေ မောင်းတာ များတယ်။ မြတ်နိုးတို့ကျ သားအမိ နှစ်ယောက်တည်းဆိုတော့ Driver မခေါ်ဘူး။ တစ်ယောက် တစ်လှည့်စီ မောင်းတယ်။

Voice : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ပရိသတ်ကို အမှာ စကားလေး ပြောပေးပါဦး။
SMNO : မြတ်နိုးအနေနဲ့ ပြောချင်တာကတော့ အဓိကက စည်းကမ်းရှိတာ အကောင်းဆုံးပါ။ ဒါပေမဲ့ ဒါကြီးက အတော် လေ့ကျင့်ယူရဦးမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တစ်ဦး တစ်ယောက်တည်း စည်းကမ်းရှိနေပြီး ကျန်တဲ့ကားတွေ စည်းကမ်းဖောက်တာမျိုး၊ ကိုယ်က စည်းကမ်း ရှိတယ်ဆိုပြီး တန်းစီ စောင့်နေပေမယ့် တခြားကားတွေက အကုန်ကျော်ခွတက်ပြီး မောင်းနေကြတာဆိုတော့ ဖြစ်နိုင်ရင် စည်းကမ်းတကျလေး ဖြစ်စေချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS