News

POST TYPE

AUTOMOBILE

Ford ကားများ၏ ယာဉ်မတော်တဆမှု ရှောင်ရှားခြင်းနှင့် ယာဉ်မောင်း အကူနည်းပညာများ
20-Dec-2016 tagged as ကား

 
အစဉ်အလာ ကြီးမားတဲ့ကမ္ဘာကျော် Ford ကားကုမ္ပဏီက ဒီဘက်နှစ်ပိုင်း ထုတ်လုပ်လိုက်တဲ့ ကားတွေမှာ ယာဉ်မတော်တဆမှု ရှောက်ရှားခြင်း နည်းပညာတွေနဲ့ ယာဉ်မောင်းအကူ နည်းပညာတွေ ပါဝင်လာတာကို တွေ့ရမှာပါ။ ဒီနည်းပညာတွေဟာ ယာဉ်မတော်တဆမှု လုံးဝ မဖြစ်အောင် ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာမျိုး မဟုတ်ပေမယ့် မဖြစ်သင့် မဖြစ်ထိုက်တဲ့ ယာဉ်မတော်တဆမှုမျိုးတွေနဲ့ မကြုံတွေ့ရလေအောင် ကာကွယ်ပေးနိုင်တာ အမှန်ပါပဲ။ ဒါကြောင့် Ford ကားတွေမှာ ပါဝင်တဲ့ ဒီနည်းပညာတွေထဲက အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရှိန်နှုန်း ချိန်ညှိကိရိယာ (Adjustable Speed Limiter Device)

ASLD လို့ခေါ်တဲ့ ဒီကိရိယာဟာ မော်တော်ကားရဲ့ အရှိန်နှုန်းကို ထိန်းချုပ် သတ်မှတ်ပေးထားနိုင်တဲ့ ကိရိယာပဲ ဖြစ်ပါတယ်။ လီဗာကို ဘယ်လောက်ပဲနင်းနင်း ကိုယ်အမြန်ဆုံးအဖြစ် သတ်မှတ်ထားတဲ့ မိုင်နှုန်းကို မကျော်အောင် ထိန်းချုပ်ပေးထားနိုင်တဲ့ လုပ်ဆောင်ချက်ပါ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့နှုန်းကို လုံးဝ ကျော်အောင် မောင်းလို့ မရတာတော့ မဟုတ်ပါဘူး။ ကိုယ်အမြန်ဆုံးအဖြစ် သတ်မှတ်ထားတဲ့ မိုင်နှုန်းကိုကျော်ပြီး မောင်းဖို့ လိုအပ်လာတဲ့အခါမျိုးမှာ လီဗာကို ပုံမှန်နင်းလို့နေရာ (ခြေနင်းပြား နင်းလို့ရသမျှရဲ့ ၉၀ ရာခိုင်နှုန်း) ထက် ကျော်လွန်ပြီး နင်းလိုက်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ မြန်နှုန်းကို ကျော်လွန်သွားမှာပဲ ဖြစ်ပါတယ်။

၂။ ယာဉ်နှစ်စီးကြား အကွာအဝေး ထိန်းညှိနည်းပညာ(Adaptive Cruise Control)

ဒီနည်းပညာကတော့ ကိုယ့်ရဲ့ကားနဲ့ ကိုယ့်ရှေ့က သွားနေတဲ့ကားကြား အကွာအဝေးကို အန္တရာယ် ဖြစ်လောက်တဲ့ အနေအထား မရောက်သွားအောင် ထိန်းချုပ်ပေးတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာမှာဆိုရင် ယာဉ်ရဲ့ရှေ့က Sensor ကနေပြီး ကိုယ့်ကားနဲ့ ကိုယ့်ရှေ့က သွားနေတဲ့ကားရဲ့ ကြားအကွာအဝေးကို ထောက်လှမ်းပြီး ကိုယ့်ကားရဲ့ အရှိန်နှုန်းကို အလိုအလျောက် ထိန်းညှိပေးသွားမှာပါ။ တကယ်လို့ ကားရှေ့က Sensor ကို ဖုန်တွေ၊ အမှိုက်တွေ ဖုံးအုပ်နေခဲ့မယ်ဆိုရင် သတိပေးတဲ့ စနစ်လည်း ပါဝင်ပါသေးတယ်။

၃။ ပါကင်အကူနည်းပညာ (Active Cruise Control)

ယာဉ်မောင်းက ကားပါကင်နေရာ ရှာရင်း ခပ်ဖြည်းဖြည်း မောင်းနေတဲ့အချိန်မှာ Ultrasonic Sensors ကို အသုံးပြုပြီး ရပ်ထားတဲ့ ကားတွေကြားက အကွာအဝေးနေရာကို တိုင်းတာပေးပြီး ကားရပ်နိုင်မယ့်နေရာကို ရှာဖွေပေးနိုင်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ ကားကိုပါကင်ထိုးတဲ့ အချိန်မှာလည်း ကားကို ပါကင်နေရာထဲ တည့်တည့်မတ်မတ် ရောက်အောင် ဒီစနစ်က ကူညီပေးဦးမှာပါ။

၎။ နောက်ကြည့်မှန် ကင်မရာ (Rare View Camera)

ကိုယ့်ကားရဲ့ နောက်မှာရှိနေတဲ့ အရာတွေရဲ့ ပုံရိပ်ကိုပြသပေးတဲ့ ကိရိယာ ဖြစ်ပါတယ်။ ကားနောက်ဆုတ်နေတဲ့အချိန်မှာ နောက်ကနေ တစ်ယောက်က ကြည့်ပေးနေဖို့ မလိုဘဲ အထိအခိုက် မရှိရအောင် ကူညီပေးနိုင်ပါတယ်။

၅။ အကွေ့ထိန်း နည်းပညာ (Curve Control)

အကွေ့ထိန်းနည်းပညာဟာ ယာဉ်မောင်းသူက ကားကို ခပ်မြန်မြန် ရုတ်တရက် ကွေ့လိုက်တဲ့အချိန်မျိုးမှာ သိရှိအောင် ဒီဇိုင်း ထုတ်ထားတာပါ။ အဲဒီလို သိသွားတာနဲ့ အင်ဂျင်လည်အားကို အလျင်အမြန် လျှော့ချပေးပြီး ၄ ဘီးဘရိတ်စနစ်ကို အသုံးပြုနိုင်အောင်လည်း လုပ်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။