POST TYPE

AUTOMOBILE

တေးသံရှင် သရုပ်ဆောင် ယုန်လေးနှင့် တွေ့ဆုံခြင်း
19-Dec-2016 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ တေးသံရှင် သရုပ်ဆောင် ယုန်လေးနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ ကားလေးအကြောင်းနဲ့ သူ့ရဲ့ သဘောထားတွေကို မေးမြန်းထားပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
YL : လက်ရှိမှာ ကျွန်တော် ဟိုသွား ဒီသွားနဲ့ အမြဲ သုံးနေတဲ့ကားကတော့ ရွှေငါးပေါ့ဗျာ။ တစ်ခါတလေ Club တို့၊ ရုပ်ရှင်ရိုက်တာတို့ ဆိုရင်တော့ ပြိုင်ကားစီး ဖြစ်ပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလား။ 
YL : မကြာသေးပါဘူး။ မကြာသေးဘူးဆိုတာက ကျွန်တော်က ကားကို အမြဲ ပြောင်းစီးနေရတာ ကြိုက်တယ်။ သုံး၊ လေးလ တစ်ခါလောက် ကားအမြဲ လဲစီးဖြစ်ပါတယ်။

Voice : ကားနှစ်စီး ရှိတဲ့အတွက် ဒီကား နှစ်စီးကို တစ်လှည့်စီ မောင်းတဲ့အခါ ဘယ်လို ကွာခြားချက်တွေ ရှိတယ်လို့ ထင်လဲ။
YL : ရွှေငါးကတော့ အမြဲတမ်း စီးဖြစ်တာပေါ့ နော်။ ပြိုင်ကားကတော့ တစ်ခါတလေ Club သွားရင်တောင် လူနှစ်ယောက်လောက်ပဲ ဆံ့တာဆိုတော့ အဆင် မပြေဘူး။ ရှပ်ရှင်ရိုက်ရင် ပြိုင်ကားက ရှာရတာ ခက်တယ်လေ။ ဒါကြောင့်မို့ ရုပ်ရှင်ရိုက်တဲ့အခါတွေမှာရယ် တစ်ခါတစ်ရံလောက်ပဲ စီးဖြစ်ပါတယ်။

Voice : ပြိုင်ကားလေးလည်း ဝယ်ထားတယ်ဆိုတော့ ညဘက်တွေမှာ ကားလျှောက်မောင်းရတာတို့၊ ပြိုင်မောင်းရတာတို့ရော ဝါသနာပါလား။ 
YL : ကားထွက်မောင်းရတာကို သဘောကျပါတယ်။ ဒါပေမဲ့ ရွှေငါးနဲ့ မောင်းရတာက ပိုမြန်သလိုပဲ။ ဘာလို့လဲဆိုတော့ ရွှေငါးက အင်ဂျင်ပါဝါ ပိုမြင့်တယ်။ ဟိုကားလေးကျတော့ အင်ဂျင်ပါဝါ နိမ့်တယ်။ ဒါပေမဲ့ အဲဒီကားကျတော့ Drift ဆွဲလို့ ကောင်းတယ်။ 

Voice : ကိုယ်တိုင်လည်း ကားမောင်းနေတာဆိုတော့ ရန်ကုန်မြို့ရဲ့ ယာဉ်လမ်းကြော အခြေအနေကိုရော ဘယ်လိုမြင်လဲ။
YL : ယာဉ်လမ်းကြောင်း အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ လျင်ရင် လျင်သလို မောင်းပေါ့နော်။ စာအုပ်ကြီးအတိုင်း လုပ်နေရင်တော့ ဟိုနားဒီနားသွားတာ ဘယ်လိုမှ ရောက်မှာကို မဟုတ်တော့ဘူး။ ကျွန်တော်ဆို ကြားလည်း ဖြတ်တယ်။ အကုန် ဖြတ်တယ်။ တစ်ခါတလေ မီးနီတောင် ဖြတ်တာမျိုးတွေ ရှိတယ်။ မီးနီဖြတ်တယ် ဆိုပေမယ့် ရိုင်းပြီး ဖြတ်တာတို့၊ ရင့်တာတို့တော့ မဟုတ်ဘူးပေါ့နော်။ တစ်ခါတလေ ရိုက်ကွင်း ရှိတာတို့ အရမ်း အလျင် လိုနေတာတို့ဆို ဖြတ်မိတာတွေ ရှိတယ်။ ဒီလို ဖြတ်တာတွေကို ကျွန်တော်တို့လည်း ကြုံဖူးတော့ သူများတွေ ဖြတ်တာလည်း နားလည်တယ်။ တစ်ခါတလေ ကျွန်တော်တို့ ဖြတ်မိလည်း အပြစ် မမြင်စေချင်ဘူး။

Voice : လက်ရှိမှာ ပြိုင်ကားလေးလည်း ဝယ်ထားတယ်၊ ရိုးရိုးကားလည်း ရှိတယ်ဆိုတော့ နောက်ထပ် ဘယ်လို ကားအမျိုးအစားလေးတွေ သဘောကျမိသေးလဲ။
YL : ကျွန်တော် သဘောကျတာကတော့ အမိုးဖွင့် ကားလေးတွေ သဘောကျတယ်။ သက်သောင့်သက်သာ စီးလို့ရတဲ့ အမိုးဖွင့်ကားဆို မာစီဒီးတို့၊ BMW တို့၊ ပြိုင်ကားထဲမှာဆို Skyline R35 ထက် R34 လောက်ကို ပိုသဘောကျတယ်။ မာစီဒီးဆိုရင်တော့ အရင်ပုံဟောင်းပေါ့နော်။ 

Voice : လက်ရှိမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးရော ဘယ်လိုမြင်လဲ။
YL : ကျွန်တော် ပြိုင်တယ်ပြောတာက အရင်တုန်းက ပြိုင်ခဲ့ဖူးတယ် ပြောတာပေါ့နော်။ အခုတော့ ပါဝါ အိတ်ဇောတောင် တပ်ခွင့်မရှိတော့တာ။ အရင် ငယ်ငယ်တုန်းက ကျွန်တော်တို့ ပြိုင်မောင်းခဲ့ဖူးတယ်။ တစ်ခါတလေ ပြိုင်မောင်းချင်ရင်တော့ အခုအမြန် လမ်းဘက်မှာ သူငယ်ချင်း တစ်ယောက် ဆောက်နေတဲ့ ပြိုင်ကားကွင်းထဲမှာ တစ်လ တစ်ခါ၊ နှစ်လ တစ်ခါလောက် မြင့်မြတ်တို့နဲ့ သွားမောင်းတယ်ပေါ့နော်။ ငယ်ငယ်တုန်းကတော့ မီးပွိုင့်ဖြတ်မောင်းတာတွေ လုပ်ခဲ့ဖူးတယ်ပေါ့နော်။ အဲဒီလိုတွေ လုပ်ခဲ့တဲ့အတွက် ခု ဘာမှာ မဖြစ်တာ ကံကောင်းတာပေါ့နော်။ ကံမကောင်းတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဆို လမ်းပြောင်းပြန်လေး မောင်းမိတာလေးနဲ့ အသက် ဆုံးရှုံးသွားတာမျိုး ရှိဖူးတယ်။ ကားပြိုင်ကွင်းမှာ ကားပြိုင်မောင်းတာက ပြဿနာမဟုတ်ပေမယ့် နေပြည်တော် အမြန်လမ်းတို့၊ ကမ္ဘာအေး ဘုရားလမ်းတို့မှာဆို ပြိုင်မမောင်းသင့်ပါဘူး။ ဘာလို့လဲဆိုတော့ စိတ်သွားတိုင်း ကိုယ်ပါနေတဲ့ ကားတွေက များလာတယ်လေ။ ကျွန်တော်တို့လည်း အသက်အရွယ် ရလာပြီဆိုတော့ ခုတော့ အရင်လိုတွေ မလုပ်တော့ပါဘူး။

ခိုင်ချယ်ရီထွန်း

  • TAGS