News

POST TYPE

AUTOMOBILE

မော်ဒယ်လ်သရုပ်ဆောင် ပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း
05-Dec-2016 tagged as ပိုင်ဖြိုးသု

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ မော်ဒယ်လ်သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ တွေ့ဆုံပြီး သူလက်ရှိ စီးနေတဲ့ ကားလေးအကြောင်းနဲ့ သူ့ရဲ့ အကြိုက်တွေကို မေးမြန်းထားပါတယ်။

Voice : ညီမလက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
PPT : ညီမ လက်ရှိ Toyota Solara စီးနေပါတယ်။

Voice : ဒီကားလေး ဝယ်ထားတာရော ဘယ်လောက် ကြာပြီလဲညီမ။
PPT : လေးနှစ်လောက် ရှိသွားပါပြီ အစ်မ။

Voice : ဒီကားလေး စီးရတာ တခြားကားတွေနဲ့ မတူတဲ့ အားသာချက်က ဘာတွေရှိလဲ။
PPT : ဒီကားက ပြိုင်ကားလေး ဖြစ်တဲ့အတွက် စီးရတာ ပေါ့ပေါ့ပါးပါး ရှိတယ်။ ညဘက် တစ်ယောက်တည်း အေးအေးဆေးဆေး ကားမောင်းတဲ့ အခါလည်း ဒီကားလေးက မောင်းလို့ ကောင်းတယ်ပေါ့နော်။ 

Voice : အားနည်းချက်ကရော ညီမ။
PPT : အားနည်းချက်ကတော့ အင်ဂျင်ပါဝါ မြင့်တဲ့အတွက် ဆီစားတယ်။ နောက်ရှုတင်တွေ ဘာတွေ သွားတဲ့အခါတွေမှာတော့ အဝတ်အစားတွေ ဘာတွေ ထည့်ရသေးတော့ အဆင်မပြေဘူးပေါ့နော်။ နောက်ပြီး ပြိုင်ကား အမျိုးအစား ဖြစ်တဲ့အတွက် အောက်ပိုင်း မလွတ်တာတို့ ရှိတဲ့အတွက် ခရီးဝေးတွေ ဘာတွေ သွားဖို့တော့ ဒီကားနဲ့ အဆင်မပြေဘူးပေါ့။ မြို့တွင်းလောက်ပဲ ကောင်းပါတယ်။

Voice : ညီမလေးအနေနဲ့ ဘယ်လို ကားမျိုးလေးတွေ သဘောကျမိသေးလဲ။ 
PPT : ညီမက ကားအကြောင်း သိပ်နားမလည်ဘူး။ ကားအနီလေးတွေ သဘောကျတယ်။ နောက် လူဆိုတာက အကောင်း ကြိုက်တာဆိုတော့ BMW တို့၊ မာစီဒီးတို့တော့ ကြိုက်တာပေါ့။ ဒါပေမဲ့ အဲဒီလောက် အများကြီး မတတ်နိုင်ပါဘူး။ ကိုယ်တတ်နိုင်တာလေး အိမ်က ဝယ်ပေးတာ စီးရတာပေါ့နော်။ 

Voice : ကားမှာ အလှဆင်တဲ့ အပိုင်းတွေရော ညီမလေး စိတ်ဝင်စားလား။
PPT : ညီမ ကားအလှဆင်တာမျိုးတော့ သဘော မကျပါဘူး။ ကားဆိုရင် စက်ရုံက ထုတ်တဲ့အတိုင်း ရှင်းရှင်းလေးကို ပိုပြီး သဘောကျပါတယ်။ 

Voice : ကားမှာ အလှဆင်ရတာတွေ ဘာတွေ သဘောမကျဘူး ဆိုတော့ ညီမလေး အနေနဲ့ ကားကို အသုံးချစရာ ကောင်းတဲ့ စက်ပစ္စည်း တစ်ခုလိုပဲ သဘောထားတာလားညီမ။ 
PPT : ဟုတ်။ ညီမတို့ အလုပ်ကလည်း ဒီကားကိုပဲ အသုံးပြုပြီး သွားလာနေရတာ ဖြစ်တဲ့အတွက် ကိုယ့်အတွက် အသုံးဝင်တဲ့ ပစ္စည်း တစ်ခု အနေနဲ့ပဲ သုံးဖြစ်ပါတယ်။ 

Voice : ကားကိုရော ကိုယ်တိုင်ပဲ မောင်းတာလား ညီမ။ 
PPT : ဟုတ် ညီမ ကိုယ်တိုင်ပဲ မောင်းတာပါ။

Voice : ကိုယ်တိုင်လည်း ကားမောင်းနေတာဆိုတော့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှုအပေါ် ညီမ အနေနဲ့ ဘယ်လို ခံစားရလဲ။ ဘယ်လို အကြံပေးချင်လဲ။
PPT : အဓိက ပြောချင်တာကတော့ စည်းကမ်းပိုင်းပေါ့နော်။ တစ်ဦးတစ်ယောက်ချင်းစီက စည်းကမ်း လိုက်နာစေချင်ပါတယ်။ ညီမကိုယ်တိုင်လည်း ဘယ်လောက်လောနေပါစေ၊ စည်းကမ်းကိုတော့ လိုက်နာပါတယ်။ ဒါကြောင့်မို့ အားလုံးကိုလည်း စည်းကမ်းလေး လိုက်နာပြီး မောင်းပေးကြပါလို့ ပြောချင်ပါတယ်။

ခိုင်ချယ်ရီထွန်း